ကျိုက်ဒုံ ၁၇ ဒီဇင်ဘာ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်သော ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်မည့် (၈၂)ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် ကျိုက်ဒုံမြို့ အမှတ်(၂)ရပ်ကွက် မြို့မအားကစားကွင်း၌ ''ဖုံဆိုဒ်ကျိုင်ကျိုင်'' ကရင်လူမျိုးစစ်စစ်ဟု အဓိပ္ပါယ်ရသော ဇာတ်သဘင်ပွဲ၊ ကရင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အက ဖြစ်သော ဒုံးယိမ်းပြိုင်ပွဲ၊ ဖျော်ဖြေရေး အစီအစဉ်များအပြင် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ၊ ချောတိုင်တက်ပွဲ များကိုပါ ထည့်သွင်းထားပြီး ယခင်နှစ်ကထက်ပို၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)