ရန်ကုန်  ၁၀  ဩဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရန် အိမ်ထောင်စု (၁၀၀) အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ပါဝင်သည့် ထောက်ပံ့ရေးပစ္စည်းများကို  ယမန်နေ့ ညနေပိုင်းက ကိုကိုးကျွန်းသို့ထွက်ခွာသည့် M.V Charites သင်္ဘောဖြင့်ပို့ဆောင်လိုက်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။

 

ထိုသို့ပို့ဆောင်ရေးအတွက် ဩဂုတ် ၉ ရက်တွင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကိုကိုးကျွန်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံပြီး ကယ်ဆယ် ရေးစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းပြကာ ဘေးအန္တရာယ်ကျရောက်မှုအလိုက် ထောက်ပံ့မှု၊ မထောက်ပံ့မီ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ဆက်သွယ်တင်ပြရေး၊ အချက်အလက်များပေးပို့ရေး၊ ထောက်ပံ့ငွေ တွက်ချက်မှုနှင့် အချိန်မီပေးပို့နိုင်ရေး၊ လစဉ် ပြန်တမ်းပေးပို့နိုင်ရေး အစရှိသည်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြသည်။

 

ထို့နောက် ကိုကိုးကျွန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ပြည်သူများအား အချိန်နှင့်တပြေးညီ ထောက်ပံ့နိုင်ရန် အိမ်ထောင်စု (၁၀၀) အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး ပါဝင်သည့် ထောက်ပံ့ရေးပစ္စည်းများကို သာကေတ Five Star သင်္ဘောဆိပ်မှ တစ်ဆင့် M.V Charites သင်္ဘောဖြင့် ကိုကိုးကျွန်းသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

 

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး ညွန်ကြားရေးမှူး ဦးဝင်းရွှေက “ကိုကိုးကျွန်းမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်းမှာ ပါဝင်ပေမယ့် အလှမ်းဝေးကွာတယ်။ လမ်းခရီးအရ တော်တော်နဲ့မရောက်နိုင်ပါဘူး။ ကျွန်းမြို့ တစ်မြို့ဖြစ်တဲ့အတွက် သဘာ၀ဘေးအန္တရာယ် အချိန်မရွေးကြုံတွေ့လာနိုင်တယ်။ ဒါကြောင့် အချိန်မီထောက်ပံ့နိုင်ဖို့အတွက် အခုလိုကြိုတင် ဆောင်ရွက်တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် စတင်ဆောင်ရွက်တာပါ။ ဒီပစ္စည်းတွေကိုတော့ ကိုကိုးကျွန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ သိုလှောင်ထားရှိပြီး ထောက်ပံ့ရေး ဆောင်ရွက်မှာဖြစ်ပါတယ်" ဟုပြောသည်။

 

ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းမြို့နယ် ၄၅ မြို့နယ်ရှိသည့် အနက် တစ်မြို့အပါအဝင် အဖြစ်သော်လည်း ရန်ကုန်မြို့နှင့် အလှမ်းဝေးသည့် ကျွန်းမြို့တစ်မြို့ဖြစ်သည့်အပြင် သွားလာရန် ခက်ခဲသည့်အတွက် သဘာ၀ဘေးအန္တရာယ် တစ်စုံတစ်ရာ ရင်ဆိုင်ရပါက အဆိုပါမြို့နယ်နေပြည်သူများအား အချိန်နှင့် တစ်ပြေးညီထောက်ပံ့ကူညီနိုင်ရန် ရည်ရွယ်ကာ ထိုသို့ကြိုတင် ဆောင်ရွက်ခြင်းဖြစ်သည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကိုကိုးကျွန်းမြို့နယ် ဒေသဖွံ့ဖြိုးမှု အားကောင်းစေရန် ဆောင်ရွက်လျက်ရှိရာ အဆိုပါမြို့နယ်၌ ဆိုလာလျှပ်စစ်မီးရရှိရေးနှင့် ဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ရာတွင် အသုံးပြုမည့် လျှပ်စစ်ပစ္စည်းများနှင့် ဆက်သွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ဩဂုတ် ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားသည့် ဘေးအန္တရာယ်ဆိုင်ရာ ထောက်ပံ့မှု ပစ္စည်းများတင်ဆောင်သွားသော M.V Charites သင်္ဘောဖြင့် သယ်ဆောင်သွားကြောင်း၊ ကိုကိုးကျွန်းမြို့နယ်သည် မီးဘေးန္တရာယ် ဖြစ်ပွားမှုနည်းပါးသော်လည်း ပင်လယ်ပြင်အတွင်းရှိ ကျွန်းမြို့တစ်မြို့ဖြစ်သည့်အတွက် ဆူနာမီ၊ ရေဘေးနှင့် လေဘေးအန္တရာယ်များကို သတိပြုရကြောင်း ညွှန်ကြားရေးမှူး ဦးဝင်းရွှေထံမှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး