ကျိုက္ခမီဆုတောင်းပြည့် ဆံတော်ရှင်ရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ  ကျင်းပမည်ဖြစ်

သံဖြူဇရပ် အောက်တိုဘာ ၁

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီဆုတောင်းပြည့် ဆံတော်ရှင်ရေလယ်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ကျိုက္ခမီမြို့ ဆံတော်ရှင်ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ သံဖြူဇရပ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရေလယ်ဘုရား ဘဏ္ဍာထိန်းဂေါပကအဖွဲ့နှင့် ပွဲတော်ကျင်းပရေးကော်မတီဝင်များ တက်ရောက်ခဲ့သည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြင့်မှ ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြုလုပ်မည့် အစီအမံများကို အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်ကျော်၊ လူဝင်မှုကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူတို့မှ ဘုရားပွဲတော်ကျင်းပရေးနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရာတွင် လုံခြုံရေးဆိုင်ရာလုပ်ငန်းများ စီမံထားရှိမှု၊ ဘုရားဖူးလာပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအစီအစဉ်များနှင့် ကျန်းမာရေးဆိုင်ရာများအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရပ်ဝေးဘုရားဖူးများအတွက် တည်းခိုနေထိုင်ရေး၊ ပွဲတော်မီးဘေးလုံခြုံရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ကျိုက္ခမီရေလယ်ဘုရား ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းက ယခုနှစ်တွင်လည်း ဗုဒ္ဓပူဇနိယပွဲတော်အား ပဌာန်းဒေသနာရွတ်ဖတ်ပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့်နေ့၌ ဓမ္မစကြာအခါတော်နေ့ကျင်းပခြင်း၊ ဆွမ်းအိုးမျောပွဲ ကျင်းပခြင်းတို့ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကာ အခြားပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ပြောကြားပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များမှ လုပ်ငန်းအလိုက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက လုပ်ငန်းအလိုက် တင်ပြချက်များအပေါ် ပြန်လည်ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

 

ကျိုက္ခမီဆံတော်ရှင် ရေလယ်မြတ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် ၅ ရက်‌နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

                             

အေးအေးသီ(ပြန်/ဆက်)