ကျိုက်လတ် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဆရာ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်၊ ရွှေဧရာအောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အမှာစကားပြောကြားခဲ့သည်။ 

ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော‌ ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ငါးဘာသာဂုဏ်ထူးရှင် (၁)ဦးအား တစ်ဘာသာလျှင် (၅၀၀၀၀)နှုန်းဖြင့် ငွေကျပ်(၂၅၀၀၀၀)၊ ပညာရေးပဒေသာပင်အတွက် ငွေကျပ် (၃၀၀၀၀၀) ကိုယ်စားပေးလှူခြင်းအား တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ငါးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၃)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၃၉)ဦး စုစုပေါင်း (၇၁)ဦး၊ ဂုဏ်ထူးအရေအတွက် (၁၁၈)ခု၊ အောင်ချက်အကောင်းဆုံး ကျောင်း(၆) ကျောင်းနှင့် ဂုဏ်ထူးရ‌‌အောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမ (၅၅)ဦးတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ်များနှင့် ဆုချီးမြှင့်ငွေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာ ရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးထင်အောင်ကျော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ငါးဘာသာဂုဏ်ထူးရှင် မောင်ကောင်းထက်ကျော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆိုဖျော်ဖြေ ပေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)