ကျိုက်လတ် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ ပြုလုပ်လိုသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသေးသူများအား ပန်းခင်းစီမံချက်ဖြင့် စက်တင်ဘာ ၁၁ ရက်က ခနောင်ကျေးရွာ အုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ရာ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးဦးထွန်းဆွေက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ပါရှိရမည့်အထောက်အထားများ၊ မပျောက်ပျက်အောင် ကိုင်တွယ် ထိန်းသိမ်း ရမည့်နည်းစနစ်များ၊ ကိုဗစ် - ၁၉ ကာလ ရောဂါကူးစက်မှုမဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်သူများ လွယ်ကူလျင်မြန်စွာဖြင့် လက်ဝယ်ရရှိရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းဆွေနှင့်ဝန်ထမ်းများက ခနောင်ကျေးရွာအုပ်စုမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း ၁၂၀ နှင့် အိမ်ထောင်စုလူဦးရေစာရင်း၁၀ စောင်အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင် ကျိုက်လတ်(ပြန်/ဆက်)


