ကျိုက်လတ် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခရမ်းကြီးကျေးရွာအုပ်စု၊ သစ်ဖြူချောင်း ကျေးရွာ၌ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် မိုးရေလှောင်ကန်ဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးသူရရှိန်နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက မိုးရေလှောင်ကန်တည်ဆောက်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မိမိတို့အသုံးပြုမည့် သောက်သုံး ရေအား နှစ်စဉ်ဖူလုံစွာ သုံးစွဲနိုင်ရေး ပျက်စီးမှုမရှိရေးတို့ကို ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
အဆိုပါ ရေကန်မှာ ပေ ၂၀ ဒိုင်ယာမီတာ၁၃ပေရှိ စက်ဝိုင်းပုံစံ မိုးရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ်သိန်း၁၀၀ဖြင့် တင်ဒါအောင်မြင်သည့် APNL Engnineering Group ကုမ္ပဏီမှ အောက်တိုဘာလ ပထမအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ထို့ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ခရမ်းကြီးကျေးရွာအုပ်စု၊ သစ်ဖြူချောင်းကျေးရွာအိမ်ခြေ ၄၄အိမ်၊ လူဦးရေ၂၁၆ဦးတို့အတွက် သန့်စင်ပြီးသည့် သန့်ရှင်းသောသောက်သုံးရေနှစ်စဉ်အသုံးပြုရမည်ဖြစ်သည့်အတွက် ရေကြောင့်ဖြစ်ပေါ်သည့် ရောဂါများမှ မရှိတော့ဘဲ နှစ်ပတ်လည် ရေဖူလုံစွာ သုံးစွဲနိုင်မည့်စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။
ဖြူလေး