ကျိုက်လတ် မတ် ၉

 

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၌ (၈၁)နှစ် မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၅)ရပ်ကွက် ၁၃ ဖြတ်လမ်း (လမ်းမတော်လမ်းမှ ဗန္ဓုလလမ်း အထိ) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

 

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတိုးမြင့်အောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်တို့က ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ ဆက်လက်၍ ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက မြို့နယ်ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအကအဖွဲ့များအား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်သည်။

 

အဆိုပါ ကွန်ကရစ်လမ်းသစ်သည် အရှည် ၁၁၄၁ ပေ၊ အကျယ် ၁၀ ပေ၊ ဒု ခြောက်လက်မဖြစ်ပြီး ငွေကျပ် ၆၆ ဒသမ ၈၅၀ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)