ကျိုက်လတ် ၁၆ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ပညာရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်သန်းက ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုကဲ့သို့ အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာမကြီးများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပြီး မိမိတို့ မြို့နယ်ပညာရေးဌာန အနေဖြင့် လုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ရီရီမြင့်က ကလေးစာပေပွဲတော်နှင့် ပတ်သက်သည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ကျောင်းအုပ်ဆရာမကြီးများက မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ကလေးစာပေပွဲတော်ကို အစိုးရ စက်မှုလက်မှုသိပ္ပံ၌ နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက် နေ့ထိ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ဆက်)


