ကျိုက်လတ် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၇၅) စက်မှုလယ်ယာစခန်း တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ယနေ့နံနက် (၉)နာရီခန့်က လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူ သင်တန်း ဖွင့်ပွဲ ကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ခင်က သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်(၂) ဦးစိန်မြင့်တို့က သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအား ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်က ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို တောင်သူအကျိုးပြု လုပ်ငန်းများစွာထဲမှ တောင်သူများ လယ်ယာသုံး စက် ကိရိယာများကို စနစ်တကျ ကိုင်တွယ် ထိန်းသိမ်း မောင်းနှင်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး (၆-၆-၂၀၂၂) ရက်နေ့ မှ (၁၇-၆- ၂၀၂၂) ရက်နေ့အထိ သင်တန်းသား(၃၀) အား ဒုတိယဦးစီးမှူး ဦးလှဦး ၊ စက်မှုကျွမ်းကျင်-၃ ဦးဝင်းကိုကိုဦး၊ ထွန်စက်မောင်း-၃ ဦးနေလွင်မောင်နှင့် ဦးကြည်ဌေးတို့က ရိတ်သိမ်းခြွေလှေ့စက်နှင့် ထွန်စက်မောင်းနှင်ထိန်းသိမ်းမှုနှင့် ပြင်ဆင်မှုတို့ကို စာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)