ကျိုက်လတ်၌ မြေလွှာခွဲကိရိယာ (Subsoiler) လက်တွေ့မောင်းနှင်သရုပ်ပြပွဲ ကျင်းပ

ကျိုက်လတ်  ဧပြီ  ၂၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ၊အမှတ်(၁၉)လမ်းရှိ တောင်သူ ဦးအေးသန်းပိုင် လယ်မြေပေါ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ မြေလွှာခွဲကိရိယာ(Subsoiler) လက်တွေ့မောင်းနှင်သရုပ်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီခန့်က ကျင်းပသည်။

 

           

တောင်သူများအနေဖြင့် စိုက်ထယ်ရေးပြင်ရာတွင် မြေလွှာအား အနက်လေးလက်မ မှ ခြောက်လက်မ ခန့် အထိသာ ထွန်ယက်စိုက်ပျိုးရသဖြင့် ထိုမြေလွှာအောက်တွင် သိပ်သည်းသော မြေလွှာတစ်ခုဖြစ်ပေါ် လေ့ရှိခြင်း၊ အလေးချိန်များသည့် လယ်ယာသုံးစက်ကိရိယာများ မောင်းနှင် အသုံးပြုထားသည့် စိုက်ကွင်းများတွင် ထိုစက်ကိရိယာများ၏ ဘီး သို့မဟုတ် ‌ရော်ဘာ၊ သံချိန်းများကြောင့် မြေလွှာသိပ်သည်းမှု ဖြစ်ပေါ်တတ်ခြင်း၊ ၎င်းမြေလွှာသိပ်သည်းမှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်း စေခြင်း၊ ရေထုတ် စနစ်အား အဟန့်အတားဖြစ်စေခြင်း၊ ပိုးမွှားရောဂါကျရောက်မှု မြင့်မားစေခြင်း နှင့် သီးနှံအာဟာရရရှိမှု လျော့နည်းစေခြင်း စသည့် ဆိုးကျိုးများ သက်ရောက်ဖြစ်ပေါ်လေ့ရှိကြောင်း အထက်ပါဆိုးကျိုးများ ဖြစ်ပေါ်သက်ရောက်လာပါက အဆိုပါ မြေလွှာခွဲကိရိယာ(Subsoiler) အသုံးပြုခြင်းဖြင့် သီးနှံပင်၏ အမြစ်များ မြေလွှာအောက်ခြေထိ တိုးဝင်စေနိုင်ခြင်း၊ မြေလွှာအနက် တစ်ပေ မှ တစ်ပေခွဲခန့်အထိ ထွန်ယက်နိုင်သဖြင့် ရေစိမ့်ဝင်မှု အားကောင်းစေခြင်း၊ မြေလွှာသိပ်သည်းမှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်းမှုကို ဖြေရှင်းပေးပြီး အထွက်နှုန်းတိုးစေနိုင်ခြင်း နှင့် မြေလွှာအနက်တွင် ခိုအောင်းနေသော ပိုးမွှားများကို သေစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သဖြင့် ယခုကဲ့သို့ တောင်သူပညာပေး အစီအစဉ်အဖြစ် ကနဉီး သုတေသနပြုသရုပ်ပြ အသိပေးခြင်း ဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်စက်မှု လယ်ယာဉီးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုးထံမှ သိရသည်။

 

အဆိုပါအခမ်းအနားသို့ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

 

 

ကျိုက်လတ်(ပြန်/ဆက်)