ကျိုက်မရော ၁၀ နိုဝင်ဘာ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော သမိုင်းဝင်ဆုတောင်းပြည့် ဘုရားကြီးအား တန်ဆောင်မုန်းလပြည့်နေ့တွင် မသိုးသင်္ကန်းများဖြင့် ဆက်ကပ်ပူဇော်နိုင်ရန်အတွက် မသိုးသင်္ကန်း ရက်ပြိုင်ပွဲကြီးကို တန်ဆောင်မုန်းလဆန်း(၁၄)ရက် ည၇နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မသိုးသင်္ကန်းရက်ပြိုင်ပွဲကြီးကို ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီး၏ သြဝါဒစရိယ ဘုရားကြီးကျောင်းတိုက် ဆရာတော်နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် သဓ္ဓမဇောတိကဓဇဘဒ္ဒန္တဝါရိန္တ က ကြီးမှူးကျင်းပ သွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ရက်ကန်းအဖွဲ့များက လာရောက်ယှဉ်ပြိုင်၍ ပူဇော်သွားကြမည်ဖြစ်သည်။
အဆိုပါညတွင် ရန်ကုန်မြို့မှ(YM) ရုပ်ရှင်သဘင်ဂီတဖျော်ဖြေပွဲများဖြင့်လည်း ဧည့်ပရိသတ်များကို ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် မသိုးသင်္ကန်းရက်ပြိုင်ပွဲသည် (၁၇)ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်ကြီး၏ အများပြည်သူ ရုံးပိတ်ရက်၄ရက်နှင့်လည်း တိုက်ဆိုင်နေသဖြင့် ယခင်နှစ်များထက် ပိုမိုစည်ကားမည်ဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဉီးက ပြောသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)