ကျိုက်မရောဒေသထွက် ဒူးရင်းသီးနှင့် ကျွဲကောသီးများ စတင်ထွက်ရှိပြီး ပေါ်ဦးပေါ်ဖျားစျေးကောင်းရရှိ

ကျိုက်မရော ဧပြီ ၁၉

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဒေသထွက်သီးနှံ ရာသီစာသီးပင်များဖြစ်သည့် ဒူးရင်းသီးနှင့် ကျွဲကောသီးများ စတင်ထွက်ရှိနေပြီဖြစ်၍ ပေါ်ဦးပေါ်ဖျား စျေးကောင်းများရရှိကြသဖြင့် ခြံရှင်များ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။

 

ယခုလို တန်ခူးလကုန်ခါနီးအချိန်ဆိုလျှင် ကျိုက်မရောမြို့နယ်အတွင်းရှိ နတ်စမ်းကျေးရွာတွင် ဒေသထွက် ဒူးရင်းသီးနှင့် ကျွဲကောသီးများ လှိုင်လှိုင်ထွက်စပြုနေပြီး ယိုးဒယားဒူးရင်းသီးနှင့် ဗမာဒူးရင်းသီး နှစ်မျိုးရှိရာ ယိုးဒယားမျိုး အချိုစူး၍ အသားထူသဖြင့် လူကြိုက်များကာ တစ်လုံးလျှင် တစ်သောင်းမှ သုံးသောင်းထိရရှိသည်။ ဗမာသီးမှာ ချိုပြီး အမွှာသေးသဖြင့် စျေးမရရှိဘဲ ရရှိတတ်သည်။

 

ယိုးဒယားသီးတစ်လုံးလျှင် ယခုချိန်၌ တစ်သောင်းကျပ်မှ နှစ်သောင်းကျပ်ထိ စျေးကောင်းရနေပြီး ကျွဲကောသီးတစ်လုံးလျှင် ပေါ်ဦးပေါ်ဖျား တစ်လုံးလျှင် လေးထောင်ကျပ်မှ သုံးထောင်ကျပ်အထိ ဖောက်သည်ပေးရသည်။ ခြံတိုင်း အသီးမထွက်ဘဲ ပထမဆုံးအသီးထွက်သည့် ခြံပိုင်ရှင်များ စျေးကောင်းရသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိသည်။ ကျွဲကောသီး တစ်ကြိမ်ခူးလျှင် အလုံး(၂၀၀)ထိ ခူးရပြီး ဒူးရင်းသီး တစ်ကြိမ်ခူးလျှင် အလုံး ၁၀၀ ခန့်ရရှိကြောင်း ခြံပိုင်ရှင် ဦးကျော်ကျော်ထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး(ကျိူက်မရော)