ကျိုက်မရော၊ ၄  ဒီဇင်ဘာ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၃၃ ဒသမ ၂၇ သန်း အသုံးပြုကာ ကျေးရွာ ၁၄ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောက်သုံးရေများ ဖူလုံစွာရရှိရေး အတွက်  ဦးစာပေး ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၃၃ ဒသမ ၂၇ သန်းဖြင့်  ကျေးရွာ ၁၄ ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ကိုးခု၊ အခြားရေရရှိရေးလုပ်ငန်း ငါးခု၊ ဂါလန်(၂၄၀၀)ဆံ့ အမြင့်တင် ရေစင် တည်ဆောက်ခြင်းလုပ်ငန်းရှစ်ခု၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းနှစ်ခု ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းသုံးခု၊ အလျား ၅ ပေ အနံ ၅ ပေ အမြင့် ၇ ပေ ရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ၁၀ ခုနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းများ အပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကို ပြောပြချက်အရ သိရသည်။

 

အဆိုပါ ကျေးလက်ရေပေးရေးလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၄ ရွာရှိ အိမ်ခြေ ၃၈၀၁ အိမ်၊ လူဦးရေ ၂၃၄၅၁ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်တို့အတွက် ရာသီမရွေးသောက်သုံးရေများ ဖူလုံစွာရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

ကျော်ဦး