ကျိုက်မရော ၂၂ သြဂုတ်
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးရှောင်ရပ်ကွက်/ ကျေးရွာများရှိတိရစ္ဆာန်များအတွက် အစာနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်၁၁နာရီက ကျိုက်မရောမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး စိုက်ပျိုးရေး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သန်းဝင်းက ရေဘေးသင့်ကျေးရွာများရှိ တိရစ္ဆာန်များအတွက် အစာနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ရေဘေးသင့်ကျေးရွာများရှိ တိရစ္ဆာန်များအတွက် အစာနှင့်ဆေးဝါးများကို ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံ့ရယူခဲ့သည်။
အဆိုပါတိရစ္ဆာန်အစာများခွဲဝေပေးရာတွင် ကျွဲနွားတစ်ကောင်လျင် ၃ ကီလိုနှုန်းဖြင့်ကျေးရွာ အုပ်စု(၂၇)အုပ်စု အတွက်နွားကောင်ရေ ၇၁၂၅ အတွက် ၅၀ ကီလို အိတ် ၄၃၀ အိတ်ကို သက်ဆိုင်ရာ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများထံ ခွဲဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


