ကျိုက်မရော ၂၉ စက်တင်ဘာ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်မှုများရှိနေသည့်အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ကျပ်သိန်း ၂၉၀၀ အသုံးပြုကာ ကျေးရွာ ၁၃ ရွာတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ကိုဗစ်-၁၉ ရောဂါကြောင့် လူမှုစီးပွားဘဝများ ထိခိုက်ခံစားခဲ့ရသည့် ကျေးလက်နေပြည်သူများ နိုင်ငံတော်အစိုးရမှ ဦးဆောင်ကာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် လုပ်ငန်းစီမံချက်အရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စီမံကိန်းကို အမျိုးအစားသုံးမျိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းမှာပါဝင်တဲ့ အိမ်ခြေ ၁၀၁ နှင့်အထက် ကျေးရွာတွေကို ငွေကျပ် သိန်း ၃၀၀၊ အိမ်ခြေ ၅၁ အိမ်မှ ၁၀၀ ကြားရှိကျေးရွာတွေကို ငွေကျပ်သိန်း ၂၀၀၊ အိမ်ခြေ ၅၀ နှင့် အောက်ကျေးရွာတွေကို ငွေကျပ်သိန်း ၁၀၀ မတည်ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကျိုက်မရောမြို့နယ် အတွင်းမှာတော့ မြကုန်း၊ မြွေဟောက်၊ နွတ်အောက်၊ ကရင်လှိုင်၊ သရက်ကုန်း၊ ရွှေဝါချောင်၊ မိနွတ်၊ ရှမ်းကျွန်း၊ ကော့ပြောင်းမလာ၊ မဲကသန်၊ ကော့ကွ၊ အလန်းကျွန်း၊ ကော့ကျိုက်စသည့် ကျေးရွာ ၁၃ ရွာကို ငွေကျပ်သိန်း ၂၉၀၀ အသုံးပြုကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိမှာတော့ စီမံကိန်းမှာ ပါဝင်တဲ့ ကျေးရွာအားလုံးကို မတည်ရန်ပုံငွေများ ရာနှုန်းပြည့် ထုတ်ချေးထားပြီးဖြစ်တယ်လို့ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုက ပြောပြ၍သိရသည်။
“စီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျေးရွာကော်မတီဝင်များအား သင်တန်းပေးခဲ့ပြီးဖြစ်ပါတယ်၊ နောက်ထပ် လိုအပ်တဲ့ ထောက်ပံ့မှုတွေ၊ သင်တန်းတွေကိုလည်း ဆက်လက်ပို့ချလျက်ရှိပါတယ်၊ ယခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွေအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်၊ ဆောင်ရွက်တဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်”လို့ ၎င်းက ဆက်လက်ပြောပြသည်။
ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေဖြင့် ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၃ ရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၄၀ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၆ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၄၉ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ သုံးဦး စုစုပေါင်း ၄၁၈ ဦးကို ငွေကျပ်သိန်း ၂၉၀၀ အား ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
သန်းလွင်(မကွေး)