ကျိုက်မရောမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်ပွဲကျင်းပ

နေပြည်တော် ၂၂ နိုဝင်ဘာ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျေးရွာများကို စီမံကိန်းလက်စွဲစာအုပ်ပါ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆွေးနွေးညှိနှိုင်း ရွေးချယ်ခဲ့ကြသည်။

ရှေးဦးစွာ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျိုက်မရောမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာတစ်ရွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါကြောင်း၊ သို့ပါ၍ စီမံကိန်းကျေးရွာများ ရွေးချယ်ပေးရာတွင် အမှန်တကယ် စိတ်ပါဝင်စားမှုရှိပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် စိတ်အားထက်သန်သည့် ကျေးရွာများအား ဦးစားပေး ရွေးချယ်ပေးစေလိုကြောင်းနှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ပေးကြစေလိုကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသော အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ် စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ အဖွဲ့အစည်းများက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ရန် နတ်စမ်းကျေးရွာကို ပထမဦးစားပေး၊ ကော့ခလိန်တောင်ကျေးရွာကို ဒုတိယဦးစားပေးနှင့် ကျိုက်ထော်ကျေးရွာကို တတိယဦးစားပေးအဖြစ် စီမံကိန်းလက်စွဲစာအုပ်ပါ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆွေးနွေးညှိနှိုင်း ရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အထိ (၂၁)ယူနစ်၊ ကျေးရွာ (၂၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါကျေးရွာများအနက် ယခုအချိန်အထိ စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာ(၁၃)ရွာတွင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဂျိုင်းလော(သတင်းစဉ်)