ကျိုက်မရော ၁ ဒီဇင်ဘာ
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၌ အသက် တစ်နှစ်အောက်က လေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ကလိုင်းကနိုင်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနခွဲ ဆေးပေးခန်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ကျန်းမာရေးဝန်ထမ်းများက အသည်းရောင်အသားဝါ(ဘီ) ပြင်းထန် အဆုတ်ရောင်၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော စသည့် (၅)မျိုးစပ် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။ ထိုသို့ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးခြင်းကို အသက် အရွယ်အပိုင်းအခြားအလိုက် (၁)လခြား ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များသာမက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင်လည်းစုရပ် နေရာများသတ်မှတ်၍ သက်ဆိုင်ရာ နယ်မြေခံ ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကလိုင်းကနိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမ ဒေါ်နီနီအေး ထံမှ သိရသည်။
ချိုချို(ပြန်/ဆက်)