ကျိုက်မရော  စက်တင်ဘာ ၂၂

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေများကို ယခုနှစ် စက်တင်ဘာ ၆ ရက်က စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ကျေးရွာ ၁၃ ရွာ ထုတ်ချေးပေးပြီးဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းသည် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ပြန်လည်တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်တိုးချဲ့ဆောင်ရွက်နိုင် စေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေများကို ထုတ်ချေးရခြင်းဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးက ပြောပြသည်။

 

"ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာမှာ ၂၀၁၉- ၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်၊ ယခုဘဏ္ဍာနှစ်မှာ ဒုတိယနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေး စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ  အသင်းသား အသင်းသူ ၄၄၆ ဦးကို  စီမံကိန်းရန်ပုံငွေကျပ် ၂၉၀၇ ဒသမ ၅ သိန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်စည်းကမ်းချက်တွေနှင့်အညီ ထုတ်ချေးပေးနိုင်ခဲ့ပါတယ်"ဟု မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးက ဆက်လက်ပြောပြသည်။

 

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ထုတ်ချေးပေးသည့် ကျေးရွာများမှာ ကော့ကွ၊ မြကုန်း၊ မြွေဟောက်၊ သရက်ကုန်း၊ ရွှေဝါချောင်၊ မဲကသန်၊ ကရင်လှိုင်၊ ရှမ်းကျွန်း၊ ကော့ပြောင်းမလာ၊ နွတ်အောက်၊ ကော့ကျိုက်၊ အလန်းကျွန်း၊ မိနွတ်ကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)