ကျိုက်မရော ၉ ဩဂုတ်
ကျိုက်မရောမြို့နယ်ရှိ ကျေးရွာ (၁၃) ရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း လူမှုစီးပွား ဘဝ ထိခိုက်ဆုံးရှုံးမှုများအား လျော့နည်းသက်သာစေရန်နှင့် ဒေသခံပြည်သူများဝင်ငွေ ရရှိစေရန် Cash For Work စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“ကျေးလက်နေပြည်သူတွေ ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေဖို့နဲ့ ဝင်ငွေရရရှိစေဖို့ မြို့နယ်အတွင်းက ကျေးရွာ ၁၃ ရွာမှာ Cash For Work စီမံကိန်းကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်မယ့် ကျေးရွာတွေမှာ ကိုဗစ် -၁၉ ရောဂါကာလအတွင်း နိုင်ငံခြားမှာ အလုပ်မလုပ်နိုင်တော့လို့ ရွာပြန်လာတဲ့သူတွေ၊ ရပ်ဝေးဒေသတွေမှာ အလုပ်အကိုင် မကောင်းမွန်တာကြောင့် ပြန်လာကြသူတွေ၊ အလုပ်အကိုင်မဲ့ နေသူတွေကို စီမံကိန်း လုပ်ငန်းတွေမှာ အလုပ်ဝင်ရောက် လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေမှာ ဖြစ်ပါတယ်” ဟု ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဦး ကိုကိုက ပြောသည်။
Cash for Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း နိုင်ငံတော်၏ အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ကို အထောက် အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လယ်ယာ၊ သားငါးကဏ္ဍ ဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် စီမံကိန်း ဖြစ်ကြောင်းဖြစ်ရသည်။
“ကျေးရွာတစ်ရွာကို ခွင့်ပြုငွေကျပ် သိန်းတစ်ရာ ချထားပေးခြင်းဖြစ်ပြီး ကျေးရွာမှာ လိုအပ်တဲ့ ရေနုတ်မြောင်း တူးဖော်တာ၊ ကျေးရွာသုံး သောက်ရေကန် တူးဖော်ပြုပြင်တာ၊ အခြေခံအဆောက်အအုံတွေဆောက်တာ စတဲ့ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်တယ်။ ဆောင်ရွက်ရမယ့် လုပ်ငန်းက သုံးလတာကာလအတွင်း ပြီးစီးမယ့် လုပ်ငန်းမျိုးကို ရွေးချမှာပါ။ စီမံကိန်းခွင့်ပြုငွေရဲ့ ၄၀ ရာခိုင်နှုန်းကို လုပ်အားခအဖြစ် သုံးစွဲမှာဖြစ်ပြီး ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက လုပ်ငန်းအတွက် သုံးစွဲရမှာ ဖြစ်ပါတယ်။ တစ်နေ့တာ လုပ်အားခကို လူတစ်ဦး ငွေကျပ် ၄၈ဝဝ ကနေ ၆ဝဝဝ သတ်မှတ် ထားပါတယ်” ဟု ဦးပြည့်ဦးကိုကို က ဆက်လက်ပြောကြားသည်။
Cash For Work(CFW) စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ကျုံစိန်ကျေးရွာ အုပ်စု၊ ကော့မင်းကျေးရွာနှင့် ကလိုင်းကနိုင်ကျေးရွာအုပ်စု၊ သုံးအိမ်စုကျေးရွာတို့တွင် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်ဦး၊ ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက သြဂုတ် ၈ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ စီမံကိန်း ကော်မတီ၀င်များနှင့် တွေ့ဆုံပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Cash for Work စီမံကိန်းအား ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်သားအရေအတွက် ၂ ဒသမ ၇ သန်းအတွက် လုပ်အားခစုစုပေါင်း ငွေကျပ် ၁၄၉၂၈ သန်းခန့် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ထို့ပြင် ကျိုက်မရောမြို့နယ်ရှိ ကျေးရွာ (၁၃) ရွာ၌ နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူဖြစ်စေရန် ကျေးလက်ဒေသရှိ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိနိုင်စေရန်၊ ရရှိသော ငွေကြေးအရင်းအနှီးဖြင့် မိသားစု ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာပိုင် မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ်ငွေကြေးအရင်းအနှီး ရရှိနိုင်စေရန်အတွက် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း - VRFP ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဟန်လင်းနိုင်