ကျိုက်မရော  ၉   ဇူလိုင်

 

ကျိုက်မရောမြို့နယ်ရှိ ကျေးရွာ(၁၃)ရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများ အား လျော့နည်းသက်သာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိစေရန် Cash For Work စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

“ကျေးလက်နေပြည်သူတွေ ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေဖို့နဲ့ ဝင်ငွေရရရှိစေဖို့ မြို့နယ်အတွင်းက ကျေးရွာ ၁၃ ရွာမှာ Cash For Work   စီမံကိန်းကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်မယ့် ကျေးရွာတွေမှာ ကိုဗစ်-၁၉ ရောဂါကာလအတွင်း နိုင်ငံခြားမှာ အလုပ်မလုပ်နိုင်တော့လို့ ရွာပြန်လာတဲ့သူတွေ၊ ရပ်ဝေးဒေသတွေမှာ အလုပ်အကိုင် မကောင်းမွန်တာကြောင့် ပြန်လာကြသူတွေ၊ အလုပ်အကိုင်မဲ့နေသူတွေကို စီမံကိန်း လုပ်ငန်းတွေမှာ အလုပ်ဝင်ရောက် လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေမှာ ဖြစ်ပါတယ်” ဟု ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုက ပြောသည်။

 

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း နိုင်ငံတော်၏ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ် တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများ ချက်ချင်း ဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လယ်ယာ၊ သားငါးကဏ္ဍဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် စီမံကိန်းဖြစ်ကြောင်း ဖြစ်ရသည်။

 

“ကျေးရွာတစ်ရွာကို ခွင့်ပြုငွေကျပ် သိန်း ၁၀၀ ချထားပေးမှာဖြစ်ပြီး ကျေးရွာမှာ လိုအပ်တဲ့ ရေနုတ် မြောင်း တူးဖော်တာ၊ ကျေးရွာသုံးသောက်ရေကန် တူးဖော်ပြုပြင်တာစ၊ အခြေခံအဆောက်အအုံတွေ ဆောက်တာ စတဲ့ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ရမယ့် လုပ်ငန်းက သုံးလတာကာလအတွင်း ပြီးစီးမယ့် လုပ်ငန်းမျိုးကို ရွေးချရမှာပါ။ စီမံကိန်းခွင့်ပြုငွေရဲ့ ၄၀ ရာခိုင်နှုန်းကို လုပ်အားခအဖြစ် သုံးစွဲမှာဖြစ်ပြီး ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက လုပ်ငန်းအတွက် သုံးစွဲရမှာ ဖြစ်ပါတယ်။ တစ်နေ့တာ လုပ်အားခကို လူတစ်ဦး ငွေကျပ် ၄၈ဝဝ ကနေ ၆ဝဝဝ ကျပ် သတ်မှတ်ထား ပါတယ်” ဟု ဦးပြည့်ဦးကိုကိုက ဆက်လက်ပြောကြားသည်။

 

ကျိုက်မရောမြို့နယ်ရှိ ငပုအင်းကျေးရွာအုပ်စု ငပုအင်းကျေးရွာ၊ နောင်နောင်ကုန်းကျေးရွာနှင့် လွှစင်ကုန်းကျေးရွာတို့အား ဇူလိုင် ၆၊ ၇၊ ၈ ရက်တို့တွင် မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာပြည်သူများ၏ ထောက်ခံဆန္ဒမဲများနှင့်အတူ ကော်မတီဖွဲ့စည်းခြင်းအား ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ စီမံကိန်းကျေးရွာ (၅)ရွာအား မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

Cash for Work စီမံကိန်းအား ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်သားအရေအတွက် ၂ ဒသမ ၇ သန်းအတွက် လုပ်အားခ စုစုပေါင်း ငွေကျပ် ၁၄၉၂၈ သန်းခန့် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဟန်လင်းနိုင်