ကျိုက်မရော ၁၉ သြဂုတ်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများအသင်းနှင့် မိထ္ထီလာမြို့ ကိုယ်ပိုင်အထက်တန်းကျောင်းမှ စေတနာရှင်များစုပေါင်း၍ မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘးသင့် စာသင်ကျောင်းများအတွက် စာရေးခုံ ထိုင်ခုံ အစုံ ၁၀ဝ စာ ငွေကျပ် သိန်း ၆၀ -လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်ရေဘေးကယ်ဆယ်ရေးအဖွဲ့ ကွပ်ကဲမှုရုံးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ပြီး အလှူရှင်များအားဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် နေပြည်တော်လယ်ဝေးမြို့နယ်မှ စေတနာရှင်အလှူရှင်တစ်ဦးကလည်း ပြန်လည်ထူထောင်ရေးအတွက် ရေကြီးနစ်မြုပ်အခံရဆုံး ကျေးရွာများဖြစ်သည့် ဦးလေးကျေးရွာရှိ စာသင်ကျောင်းအတွက် စာသင်ခုံအသစ်များဝယ်ယူရန် ငွေကျပ် ၂၅ သိန်းနှင့် ငပြေမကျေးရွာ အထက်တန်းကျောင်းခွဲအတွက် (၂၅)သိန်း စုစုပေါင်း အလှူငွေသိန်း(၅၀)ကျပ်အား ရေဘေးကယ်ဆယ်ရေးကွပ်ကဲ ရေးရုံးသို့လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ယခုလက်ရှိအခြေအနေတွင် ကျိုက်မရောမြို့နယ်၌ရေများလည်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းသွားပြီဖြစ်၍ စေတနာရှင်အလှူရှင်များအနေဖြင့်ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်၍ လှူဒါန်းမည်ဆိုပါကပိုမိုအကျိုးသက်ရောက်နိုင်မည်ဖြစ်ကြောင်းနှင့် သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင်ပြည်သူများအားလည်းများစွာ လိုအပ်လျက်ရှိပါကြောင် းသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


