ကျိုက်မရော သြဂုတ် ၁၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်သောအသက်ကြီးရွယ်အိုများ၊ ဖျားနာလျက်ရှိသော လူနာများအား ကုသမှုပေးနိုင်ရန် ကျေးရွာများထိ ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဩဂုတ် ၁၁ရက်က ကော့ဒွန်းကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် မော်လမြိုင်မြို့မှ ဒေါက်တာ သက်ကျော်စိုး၊ မော်လမြိုင် ကြက်ခြေနီအသင်းမှအသင်းဝင်များ၊ ကျန်းမာရေးကြီးကြပ်(၂ )ဆရာခန့်လင်းအောင် နှင့် ပရဟိတအဖွဲ့များက အသက်ကြီးလူနာများအား ဦးစားပေးဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးမကောင်း သည့် ဖျားနာလူနာများအား ဒေါက်တာသက်ကျော်စိုးနှင့်အဖွဲ့များက ကျန်းမာရေး ဝန်ဆောင်မှုများကို ကျေးရွာအရောက် ကွင်းဆင်းကာ လူနာ(၈၅) ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှုများအား အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


