ကျိုက်မရောမြို့နယ်တွင် ဂန္ဓမာပန်းများ လှိုင်လှိုင်ပွင့်၍ စိုက်ပျိူးသူများ ပုံမှန်ဝင်ငွေရရှိ

ကျိုက်မရော မတ် ၂၈

 

ကျိုက်မရောမြို့နယ်အတွင်းရှိ ပိန်းနဲကုန်းကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် ဂန္ဓမာပန်းများ စိုက်ပျိုးကြသဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

 

ကျိုက်မရောမြို့နယ်အတွင်း ပိန်းနဲကုန်းကျေးရွာတွင် အများအားဖြင့် ဂန္ဓမာပန်းကို မိသားစုဝင်ငွေရရှိစေရေးအတွက် အဓိကစိုက်ပျိုးကြပြီး ပြာသိုလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကာ စတင်စိုက်ပျိုးပြီးချိန်မှ ရက်ပေါင်း ၉၀ အကြာတွင် ပန်းများ စတင်ခူးရောင်းရပြီဖြစ်ကြောင်း ဂန္ဓမာပန်းစိုက်တောင်သူများထံမှ သိရသည်။

 

ဂန္ဓမာပန်းမျိုးစေ့များကို မော်လမြိုင်ရှိ သစ်စေ့မျိုးစုံဆိုင်များတွင် ဝယ်ယူကာ အစေ့မှ အပင်ပေါက်လေးများ ပျိုးကာ ပြန်လည်စိုက်ပျိုးကြကြောင်း၊ မိမိတို့ခြံမြေများတွင် အိုးမကွာအိမ်မကွာ စိုက်ပျိုးကြပြီး ဝင်ငွေမပြတ်ရရှိသည့်အတွက် ယခုဆိုလျှင် လယ်မြေများတွင်လည်း စမ်းသပ်စိုက်ပျိုးလာကြရာ အောင်မြင်လျက်ရှိသဖြင့် စတင်စိုက်ပျိုးလာကြကြောင်း ဂန္ဓမာပန်းစီးပွားဖြစ် စိုက်ပျိုးရောင်းချသူ ဒေါ်ချစ်စုက ပြောသည်။

 

ပန်းစိုက်ပျိုးရာတွင် ရေများများလောင်းပေးရမှာဖြစ်ပြီး အပွင့်များ အပင်များ ရှင်သန်ကြီးထွားရေးအတွက် အပင်သန်မြေသြဇာနှင့် ဆေးဖျန်းပေးရကြောင်း၊ ပူပြင်းသည့်ရာသီဥတုတွင် ပန်းများ ခဏအတွင်း နွမ်းကုန်ကြသဖြင့် စိုက်ပျိုးသူများအနေဖြင့် ရေကို မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ပေးရကြောင်း၊ ပန်းစျေးကောင်းသဖြင့် ဂန္ဓမာပန်း ၅ ပွင့်ကို ကျပ် ၈၀၀ ဖြင့် ဖောက်သည်ပေးရကြောင်း၊ ပန်းပွင့်ကြီးလျှင် ကြီးသလောက် စျေးကောင်းရရှိကြောင်း ပန်းစိုက်ပျိုးသူ တောင်သူများထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)