ကျိုက်မရော၌ ၂၀၂၂ခု နှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးလျက်ရှိ

ကျိုက်မရော  မေ  ၁၆

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား ယနေ့နံနက် ၉ နာရီမှ စတင်ကာ တောင်သူဦးကြီးများ လက်ဝယ်အရောက် စတင်ထုတ်ချေးပေးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို လယ်ယာလုပ်ငန်းခွင်ဝင်ကြမည့် တောင်သူများအတွက် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် လယ်သမားများအတွက် အတိုးနှုန်း သက်သာစွာဖြင့် စိုက်ပျိုးစရိတ်ငွေများကို ယခင်အကြွေးမရှိသူများအား အစောဆုံး ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မိုးစပါးစိုက်ပျိုးရန်အတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်းသာကျမည်ဖြစ်ကြောင်း သိရသည်။

 

ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲအနေဖြင့် တစ်နှစ်လုံးအတွက် ကျေးရွာအုပ်စု (၃၉)အုပ်စု၊ တောင်သူ(၁၆၀၀)၊ စိုက်ဧက(၁၁၀၀၀)အတွက် ချေးငွေသိန်းပေါင်း(၁၆၅၀၀) တိတိကို ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ယနေ့စတင်ထုတ်ချေးပေးမည့် ကော့ပလိုင်ကျေးရွာ၊ ဘိန်းဗျောကျေးရွာနှင့် မယ်ကရိုကျေးရွာများမှ တောင်သူ(၂၃)ဦး၊စိုက်ဧက ၁၅၆ဧက အတွက်ချေးငွေကျပ်(၂၃၄)သိန်းကို အမှန်တကယ် စိုက်ပျိုးမည့်တောင်သူများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သီတာထွန်း ထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)