ကျိုက်မရော နိုဝင်ဘာ ၂
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် အခြေခံပညာကျောင်းများအား နိုဝင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ဒုတိယနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာ၊ ဆရာမများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရသည်။
ကျောင်းများသို့ လာရောက်ပညာသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများက ကျောင်းဝင်ပေါက်မှစ၍ ကိုယ်ပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းနှင့် မျက်နှာကာများ၊ တပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ တပ်ဆင်ထားခြင်းမရှိသူများကို အသင့်ထားရှိသည့် နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ ကျောင်းအတွင်း လက်ဆေးဘေစင်များ၌ လက်ဆေး၍ဝင်စေခြင်းများကို ကြီးကြပ်ဆောင်ရွက်ပေးကြသည်။
အလားတူ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာများ ပိုမိုရရှိစေရန် ကျောင်းတွင်း၊ ကျောင်းပြင်နှင့် စာသင်ခန်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ပိုစတာများ၊ ဗီနိုင်းဆိုင်းဘုတ်များဖြင့် မြင်သာသည့်နေရာများတွင် ချိတ်ဆွဲ၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ထားပြီး ကျောင်းတွင်းကျောင်းပြင် လုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက တာဝန်ယူဆောင်ရွက်ပေးနေကြောင်း သိရသည်။
နိုဝင်ဘာ ၁ ရက်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံရသေးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာသင်ကြားခွင့်ရရှိအောင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်းအပ်လက်ခံပေးလျက်ရှိနေပြီး ရက်သတ္တသုံးပတ်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)


