ကျိုက်မရော ၇ သြဂုတ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး အတ္တရံမြစ်ရေမှာလည်း ဆက်လက်မြင့်တက်လာသဖြင့် မြစ်ကမ်းနှင့်နီးသော ကျေးရွာများဖြစ်သည့် ဦးလေးနှင့် ငပြေမကျေးရွာများတွင် တစ်ရွာလုံးနီးပါး ရေနစ်မြုပ်ကာ အခြေခံပညာကျောင်းအချို့ ယာယီပိတ်ထားရပြီး အိမ်ခြေ ၃ ထောင်ခန့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေထိုင်ရကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ခေတ္တဖွင့်ထားသော ယာယီရေဘေးရှောင်စခန်းသို့ ရေဘေးသင့် အိမ်ထောင်စုများ ဆက်လက်ရောက်ရှိနေကြကြောင်းနှင့် မွန်ပြည်နယ် လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးရုံးမှ ပြည်နယ်မှူးနှင့် အဖွဲ့များ လာရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူထံမှ သိရသည်။
ယနေ့အထိ သတင်းများအရ ကျိုက်မရောမြို့တွင် ရေဘေးသင့် အိမ်ခြေစုစုပေါင်း ၃၀ဝ၀ နီးပါးခန့် ရှိနေကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


