ကျိုက်မရော ဧပြီ ၂၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ လယ်မြေများတွင် ရေသွင်း၍ စိုက်ပျိုးထားသည့် ဒေသအခေါ် ကုလားပိန်းဥ (ထောပတ်ပိန်း) ပင်များအား စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

“ယခုနှစ် ထောပတ်ပိန်းစိုက်ရာမှာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်၊ ပိန်းဥစိုက်ရာမှာ ပိန်းဥကို အရင်ဆုံး ပျိုးထားပြီး အပင်ပေါက်လေးတွေ ပေါက်လာမှ မြောင်းဖော်ကာ တစ်မြောင်းချင်းစီတန်း၍ စိုက်ပျိုးရတယ်။ ပိန်းဥကို တပို့တွဲလဆန်းမှ အစပျိုးပြီး ရက်ပေါင်း(၉၀)ကြာထိ စိုက်ရတယ်။ ရေကြိုက်ပြီး နှုန်းမြေများမှာ စိုက်ပျိုး၍ရတယ်။ သဲဆန်တဲ့မြေနဲ့ အပူပိုင်းဒေသတွေမှာ စိုက်၍မဖြစ်ထွန်းဘူး။ ပိန်းဥ နှစ်လသားအရွယ်ကနေ တစ်ရက်ခြား ရေပေးရပါတယ်။ ယခုလမှာဆို ဓာတ်ဆီစျေးကြီး၊ တွက်ချေမကိုက်ပေမယ့် စျေးကွက်ဝင်သီးနှံဖြစ်တဲ့အတွက် ဒေသခံများက ကြိုက်နှစ်သက်တော့ ရောင်းရလွယ်ကူတယ်။ ကဆုန်လဆို စတင်တူးပြီး ရောင်းချသွားမှာဖြစ်တယ်” ဟု ပိန်းဥအများအပြား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်နေသူ ရေတွင်းကျေးရွာမှ တောင်သူကြီး ဦးဘာဘူက ပြောသည်။

ပိန်းဥကို ကျိုက်မရောမြို့နယ်အတွင်းရှိ တူးမြောင်းနှင့်နီးသည့် ရေရလွယ်သည့်နေရာများတွင် အများအပြား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)