ပဲခူး ၁၇ မေ
ပဲခူးမြို့ ကျိုက်ပေါကျေးရွာ ကျိုက်ပေါ(၂)လမ်း၌ ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀ ခန့်က မီးပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုက်ပေါကျေးရွာ ကျိုက်ပေါ(၂)လမ်းနေ အိမ်ပိုင်ရှင် ဒေါ်နန်းဝင်း (၄၂) နှစ်သည် နေအိမ်တွင် ထမင်းပေါင်းအိုးနှစ်အိုး တစ်ပြိုင်တည်း တည်ထားရာမှ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အုပ်ညှပ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး(၂)ထပ် နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ပြီး အိမ်ရှေ့ကုန်ဆုံဆိုင်အတွင်းရှိ ကုန်ခြောက်ပစ္စည်းများပါ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်(၆)စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၅၀ မိနစ်တွင် မီးငြိမ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် လျှပ်စစ်မီးအား ပေါ့ဆစွာအသုံးပြုသူအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)