မန္တလေး ၁၀  စက်တင်ဘာ

မန္တလေးကားဈေးကွက်တွင် ကားအမျိုးအစားအလိုက် ယေဘုယျ သတ်မှတ်နှုန်းမရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဈေးနှုန်းများဖြင့်သာ အရောင်းအဝယ် ပြုလုပ်နေခြင်းကြောင့် ကားဈေးနှုန်းများကြီးမြင့်ကာ အရောင်းအဝယ်မှာ အေးစက်နေကြောင်း လမ်း ၆၀ မဟာအောင်မြေမြို့နယ် ကားရောင်းဝယ်ရေးစခန်းရှိ ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

 

8448

 

လက်ရှိတွင် မြန်မာနိုင်ငံ၏ ယာဉ်လမ်းကြောအခြေအနေအရ နိုင်ငံတော်မှ ဘယ်မောင်းစနစ်ကို သတ်မှတ်လိုက်သည့်အပြင် ပြည်တွင်းသို့ ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့် ပြုလိုက်သည့်အတွက် လက်ရှိပြည်တွင်း၌ အသုံးပြုနေသော ညာမောင်းကား ဈေးနှုန်းများမှာ တဖြည်းဖြည်း မြင့်တက်လာမှုနှင့်အတူ အရောင်းအဝယ်များလည်း နည်းပါးလာခဲ့ကြောင်း သိရသည်။

''ဘယ်မောင်းစနစ်အရ လက်ရှိပြည်တွင်းမှာ ရှိနေတဲ့ ညာမောင်းကားတွေကို တဖြည်းဖြည်းလျော့ချဖို့ ရည်ရွယ်ပြီး ဂျပန်ပြည်တွင်းသုံး ညာမောင်းကားတွေကို တင်းသွင်းခွင့် မပြုတော့ဘူး။ မြန်မာပြည်မှာ သုံးစွဲနေတဲ့ အများဆုံးက ဂျပန်ပြည်တွင်းထုတ် ညာမောင်းကားတွေပဲ ဖြစ်တယ်။ ဒီကားတွေက ခိုင်ခံ့ပြီး အရည်အသွေး ကောင်းတဲ့အတွက် ကားဈေးကွက်မှာ ဒီကားတွေပဲ အရောင်းအဝယ်ဖြစ်နေတယ်။ အခုလိုတင်သွင်းခွင့်မပြုတဲ့အတွက် ပြည်တွင်းမှာရှိနေတဲ့ နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကားတွေ ဈေးတက်ကုန်တာပေါ့။ အရင်ကလို ကားအမျိုးအစားအလိုက် ယေဘုယျ သတ်မှတ်ဈေးနှုန်းပုံစံမျိုး မရှိတော့ဘဲ ကြိုက်ဈေးရမှ အရောင်းအဝယ်ဖြစ်နေကြတဲ့အတွက် ဈေးကွက်ပျက်လာပြီး အရောင်းအဝယ်လည်း ပါးလာတယ်။ အရင်ကဆို ခွေးဘီလူးကားက သိန်း ၇၀ နဲ့ ၈၀ ကြားရှိပေမယ့် အခုဆို သိန်း ၁၀ဝ ကျော်မှ အရောင်းအဝယ် ဖြစ်တဲ့သဘောမျိုး ဖြစ်နေတယ်'' ဟု လမ်း ၆၀ မဟာအောင်မြေ ကားရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကားဈေးကွက်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ဝယ်ရောင်းလုပ်ကိုင်နေသူများ အနေဖြင့် ယခင်ကကဲ့သို့ ကားအမျိုးအစားလိုက် ယေဘုယျ သတ်မှတ်ဈေးနှုန်းများ ရှိစေရန် သက်ဆိုင်ရာဌာနများမှ ထိန်းညှိပေးစေလိုကြောင်းနှင့် ကားဈေးနှုန်းများ ကျဆင်းလာစေရန် လက်ရှိသတ်မှတ်ထားသည့် အခွန်နှုန်းထားများကိုလည်း လျော့ပေါ့ပေးစေလိုကြောင်း ၎င်းက ဆက်လက်အကြံပြုပြောဆိုသည်။

မန္တလေးကားဈေးကွက်တွင် ကားအမျိုးအစားအလိုက် လက်ရှိအရောင်းအဝယ်ဖြစ်နေသည့် ကားဈေးနှုန်းများအနေဖြင့် Hijet ခွေးဘီလူးကားမှာ သိန်း ၁၃၀ ဝန်းကျင်၊ ဟွန်ဒါဖစ် ၁၃၀ဝ စီစီမှာ သိန်း ၁၈၀ ကျော်နှင့် ၂၀ဝ ကြား၊ AD Van nissan အမျိုးအစားမှာ သိန်း ၁၆၀ ကျော်၊ Toyota Harrier အမျိုးအစားကားမှာ သိန်း ၂၀ဝ ကျော်နှင့် Light Truck အမျိုးအစား ဇုန်ထုတ်ကားမှာ သိန်း ၇၀ နှင့် ၈၀ ကြားဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)