မော်လမြိုင်၊ ၂၉ ဒီဇင်ဘာ

မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် သွားတော်ဓာတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်မွမ်းမံရန် တတိယအကြိမ် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက ရင်ပြင်တော်ရှိ ပဋ္ဌာန်းဓမ္မာရုံတွင် ကျင်းပသည်။

အခမ်းအနားတွင် မော်လမြိုင်မြို့ ဝဲပျံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တနန္ဒဝံသ (မဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်တို့က ရှစ်ပါးသီလခံယူ ဆောက်တည် ကြသည်။

ထို့နောက် ဝဲပျံကျောင်းတိုက်ဆရာတော်ကြီးအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဇနီးက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန်နှင့် ဘက်စုံပြုပြင်မွမ်းမံရန် အလှူတော်ငွေများကို ဆရာတော်၊ သံဃာတော်များနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စေတီတော်မြတ်ကြီးပုံတော်တို့ကို ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် မော်လမြိုင်မြို့ ဝဲပျံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ကြီးထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်ဧည့်ပရိသတ်တို့က အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်မွမ်းမံရန် တတိယအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များနှင့် အလှူရှင်များက  ငွေကျပ် သိန်း ၄၅၀ ကျော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)