နေပြည်တော် ၁၈ မတ်
ဘုရားပွဲတော်ကျင်းပလျက်ရှိသည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားပွဲတော်အား မတ် ၂၁ ရက်တွင် ပိတ်သိမ်းတော့မည်ဖြစ်ပြီး ယခုအခါ ဆိုင်ခန်းများနှင့် တည်းခိုဆောင်များ ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။
“ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်သူတွေလည်း ကြေညာချက်မထုတ်ပေမယ့် လျော့နည်းသွားပါပြီ။ ဒါပေမယ့် ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုအတွက် ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ မတ်လ ၂၁ ရက်နေ့ကစတင်ပြီး တောင်ဆင်းတောင်တက် မော်တော်ယာဉ်တွေ ပြေးဆွဲခြင်းကို ပြုလုပ်တော့မှာ မဟုတ်ပါဘူး။ အမှန်က ကဆုန်လပြည့်နေ့မှ ကျိုက်ထီးရိုးဘုရားပွဲတော်က ပိတ်သိမ်းတာဖြစ်ပါတယ်။ အခုတော့ တစ်လခွဲလောက်စောပြီး ပိတ်သိမ်းတာပေါ့”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဉီးစိုးမြင့်က ပြောကြားသည်။
ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
“မနေ့က မတ်လ ၁၇ ရက်နေ့အထိ ဘုရားဖူးတွေ လာရောက်ဖူးမြော်နေပေမယ့် ဒီနေ့ မတ်လ ၁၈ ရက်နေ့မှာတော့ အတော်လေးကို ဝင်ရောက်မှု နည်းပါးသွားပါတယ်။ မွန်းလွဲပိုင်းအထိ လာရောက်ဖူးမြော်တဲ့ ဘုရားဖူးကား ၇ စီးလောက်ပဲရှိသလို ကားပေါ်မှာလည်း လူအပြည့်မပါတာများတယ်။ မနေ့ကဆိုရင် ကား ၂၉ စီးအထိ ဝင်ရောက်မှုရှိခဲ့ပါတယ်။ ကျိုက်ထီးရိုးဘုရားဖူး လာရောက်သူတိုင်းကို တောင်ပေါ်မတက်မီမှာ ကျန်းမာရေးစစ်ဆေးတာတွေ၊ ကိုယ်အပူချိန် တိုင်းတာတာတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုလိုပိတ်သိမ်းလိုက်ရတာက လိုအပ်လာတဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်မှုတစ်ရပ်လို့ မြင်ပါတယ်”ဟု ညွှန်ကြားရေးမှူး ဉီးစိုးမြင့်က ပြောကြားသည်။
ကျိုက်ထီးရိုးဘုရားဖူးဧည့်သည်များ ယနေ့တွင် ဝင်ရောက်မှုမရှိသလောက် နည်းပါးနေပြီး ဆိုင်ခန်းများသည်လည်း ပိတ်သိမ်းရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း၊ ဘုရားဖူးဦးရေ ၃၀ဝ ပင် ပြည့်မည်မထင်ကြောင်း ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဆိုင်ပိုင်ရှင် မသီတာက ဖြေကြားသည်။ တောင်တက် လမ်းကျဉ်းမြောင်းခြင်း၊ တည်းခိုရာနေရာများ ပြည့်နှက်နေခြင်းနှင့် ဘုရားဖူးများစွာ လာရောက်နိုင်ခြင်းတို့ကြောင့် Covid –19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ယခုကဲ့သို့ ပိတ်သိမ်းလိုက်ရခြင်းဖြစ်သည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ ဒုတိယခေါင်းဆောင် ဦးစိုးလှိုင်ကလည်း “ကျွန်တော်တို့ ကျိုက်ထီးရိုးဆံတော်ရှင်ကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးတွေကို ကိုရိုနာ အဆုတ်ရောင်ရောဂါ ကာကွယ်ဖို့ မတ်လ ၁၆ ရက်နေ့က စတင်ပြီး ကိုယ်ပူချိန်တိုင်းတာတဲ့ ကိရိယာတွေနဲ့ စစ်ဆေးပေးပါတယ်။ လက်ဆေးကန်တွေလည်း ထားရှိသလို တောင်တက်ကားတွေကိုလည်း ဆေးဖြန်းပြီးမှသာ မောင်းနှင်တက်ရောက်ခွင့်ပြုခဲ့ပါတယ်။ အထက်က ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ ဂေါပကအဖွဲ့ ဆောင်ရွက်သွားမှာပါ။ မတ်လ ၁၆ ရက်မှာ ပြည်တွင်း ဘုရားဖူး ၆၀ဝ၀ ကျော်နဲ့ ပြည်ပခရီးသွား ၉၀ ကျော် ဝင်ရောက်ပါတယ်။ မတ်လ ၁၇ ရက်မှာ ပြည်တွင်းဘုရားဖူး ၂၄၀ဝ ကျော်နဲ့ ပြည်ပခရီးသွား ၄၃ ဦးအထိ ကျဆင်းသွားပါတယ်။ မတ်လ ၁၈ ရက် ဒီနေ့မှာတော့ အတော်လေး နည်းပါးသွားပါတယ်။ ပုံမှန် ဘုရားပွဲတော်ကာလကတော့ သီတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ ဖြစ်ပါတယ်” ဟု ဖြေကြားသည်။
ခင်ရတနာ၊ ဟိန်းထက်ဇော်


