နေပြည်တော် အောက်တိုဘာ ၃၁
အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ကျိုက်ထီးရိုးဘုရားဖူး တောင်တက် ကားဂိတ်ကို သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF ၁၂ ဦးခန့် 4 Wheel ယာဉ်တစ်စီးဖြင့် ရောက်ရှိကာ မိုးမိုးကတွတ်ယိုဆိုင်အနီးမှ သေနတ်များဖြင့် စတင်လာရောက်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားပြီး သောင်းကျန်းသူအကြမ်းဖက် PDF အဖွဲ့သည် မော်တော်ယာဉ်ဖြင့် ဆောင်နိုင်ကြီး ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည့် ဖြစ်စဉ်တွင် သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF ၏ ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦး၊ အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး ရဲတပ်သားတစ်ဦး၊ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၀ ဦး ဒဏ်ရာရခဲ့သဖြင့်အကြမ်းဖက်ပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့သည်။
အခင်းဖြစ်ရပ်သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ်နှင့် တာဝန်ရှိသူများ၊ မှုခင်းရဲတပ်ဖွဲ့မှ ကျွမ်းကျင်ပညာရှင်များဖြင့် သွားရောက်စိစစ် စုံစမ်းဖော်ထုတ်ခဲ့ရာ မျက်မြင်သက်သေ ၂၅ ဦး ၏ ထွက်ဆိုချက်များ၊ သေဆုံးဒဏ်ရာရသူများနှင့် ပတ်သက်သည့် ဆေးစာပြန်ကြားချက်များ၊ ခိုင်မာသောလုံခြုံရေး အထောက်အကူပြု မှတ်တမ်းများ၊ ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝင်းအတွင်းမှ သက်သေခံ အထောက်အထားများ တွေ့ရှိခဲ့ရသည်။
စုံစမ်းစစ်ဆေး ဖော်ထုတ်ချက်အရ သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF အဖွဲ့သည် ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝင်း အနောက်ဘက် ကျိုက်ထီးရိုး - ကင်မွန်းချောင် သွားလမ်း ဘေး ဈေးဆိုင်များဖြစ်ကြသည့် ရွှေနဂါး ဈေးဆိုင်၊ ဌေးမြင့်အောင် ကတွတ်ယိုဆိုင်၊ မိုးမိုးကတွတ်ယိုဆိုင်တို့နှင့် ဘုရားဖူး တောင်တက်မော်တော်ယာဉ်ဝင်း အနောက် မြောက်ဘက် ထွက်ပေါက်နေရာတို့မှ နေရာယူကာလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်၊ ဘုရားဖူး တောင်တက်မော်တော်ယာဉ်ဝင်းအတွင်းရှိ ဘုရားဖူးလှေကားတက်စင်သို့ လည်းကောင်း၊ ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝင်းအတွင်း မြောက်ဘက်အစွန်ဆုံးရှိ လုံခြုံရေးအဖွဲ့နေရာသို့လည်းကောင်း ပစ်ခတ်ခဲ့ကြောင်း တွေ့ရှိရပြီး အထောက်အထားများ အနေဖြင့် သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF များ နေရာယူပစ်ခတ်ခဲ့သည့် ရွှေနဂါးဈေးဆိုင်ရှေ့ လမ်းမပေါ်မှ M 16 ကျည်ခွံများ၊ AK 47 ကျည်ခွံများ၊ မိုးမိုးကတွတ်ယို (မစိုး မြတ်မြတ်မွန်) ဆိုင်ရှေ့မှ M 16 ကျည်ခွံများ၊ ၄၀ မမ ကျည်ခွံများ၊ မိုးမိုးကတွတ်ယို (ဦးစိုးမိုးသူ) ဆိုင် အပြင်ဘက် အနောက်ဘက်ထောင့်နေရာမှ M 16 ကျည်ခွံများ နှင့် ဆိုင်ရှေ့ဝဲဘက်ထောင့်မှ M 16 ကျည်ခွံများ၊ ဘုရားဖူး တောင်တက်မော်တော်ယာဉ်ဝင်း အနောက်မြောက်ထောင့် ဝင်ထွက်ပေါက် ဘယ်ဘက်ခြမ်းမှ M 16 ကျည်ခွံများနှင့် မြေထိန်းနံရံအနီးမှ AK 47 ကျည်ခွံများ တွေ့ရှိရသည့်အပြင် ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝင်းအတွင်း ဘုရားဖူးယာဉ်ပေါ်သို့တက်သည့် လှေကားတက်စင်တွင် ရပ်ထားသည့် 3K-6534 Fuso ယာဉ်၏ အနောက်ဘက် ကွန်ကရစ်တိုင်ကို ထိမှန်ထားသည့် ၄၀ မမ ဗုံးသီး အပိုင်းအစများ၊ ပုံစံပျက်နေသည့် ကျည်ထိပ်ဖူးများ၊ ဘုရားဖူး တောင်တက် မော်တော်ယာဉ်ဝင်းအတွင်း မြောက်ဘက်ရှိ လုံခြုံရေးတပ်ဖွဲ့များ အခြေပြုဘန်ကာကို ထိမှန်ထားသည့် နေရာများမှ AK 47 ကျည်ထိပ်ဖူးများကို သက်သေများနှင့်အတူ ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။
သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF များ၏ ပစ်ခတ်မှုကြောင့် ဘုရားဖူး တောင်တက် မော်တော်ယာဉ်ဝင်းအတွင်း ဘုရားဖူးယာဉ်ပေါ်သို့တက်သည့် လှေကားတက်စင်တွင် ဒေါ်သန်းသန်းနွယ် (၄၂နှစ်)၊ ရန်ကုန်မြို့နေသူသည် သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF များ၏ လက်နက်ငယ်ထိမှန်မှုကြောင့် ဦးခေါင်းယာချိုးစောင်း ဖောက်ထွက် ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခြင်း၊ မကျော့ကေခိုင် (၂၁နှစ်)၊ ရန်ကုန်မြို့နေသူသည် ဦးခေါင်း နောက်စေ့မှ ကျည်ဖောက်ဝင် ဖြတ်ထွက်ဒဏ်ရာ တစ်ချက်၊ ယာခြေဖမိုး လက်နက်ကြီး ကျည်အစ ထိမှန်ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးခြင်း၊ ဘုရားဖူး လှေကားတက်စင်တွင် ရပ်ထားသော 3K-6534 Fuso ယာဉ်ပေါ် ဝဲဘက်ထိုင်ခုံနောက်ဆုံးတွင် ထိုင်နေသူ ဒေါ်အေးအေးကြည်အသက် (၅၀ နှစ်)၊ ရန်ကုန်မြို့နေသူသည် လက်နက်ငယ် ထိမှန်မှုကြောင့် ယာပါးမှ ဖောက်ဝင်၊ ဝဲပါး ပေါက်ပြဲထွက်သည့် ဒဏ်ရာဖြင့် သေဆုံးခြင်း၊ ထိုကားပေါ်တွင် ထိုင်နေသူ ထွန်းဝင်းအေး (၃၂နှစ်)၊ ရန်ကုန်မြို့နေသူသည် လက်နက်ကြီးကျည်စ၊ လက်နက် ငယ်ကျည်တို့ ထိမှန်သောကြောင့် နောက်ကျောဝဲဘက်မှ ဝမ်းဗိုက်ယာဘက်သို့ ကျည်ထိမှန် ဖောက်ထွက် ဒဏ်ရာများဖြင့် သေဆုံးခြင်းနှင့် ဘုရားဖူး လှေကား တက်စင်အနီးအနားရှိ လုံခြုံရေးဆောင်ရွက်ပေးနေသော ရဲတပ်သား အောင်ပြည့်ဖြိုးပါ ဘုရားဖူးခရီးသည် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၀ ဦးတို့၏ ကိုယ်ခန္ဓာတွင် ဒဏ်ရာများရရှိခဲ့ကြောင်း တွေ့ရှိရသည်။

ဖော်ပြပါ ပစ်ခတ်မှုဖြစ်စဉ်၌ စိစစ်တွေ့ရှိရသော မျက်မြင်သက်သေများ၊ သေဆုံးဒဏ်ရာရသူများ၏ ဆေးစာ အထောက်အထားများ၊ သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF များ အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းအထောက် အထားများ၊ အခြားခိုင်မာသည့် မှတ်တမ်းအထောက်အထားများအရ သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF အဖွဲ့သည် ဘုရားဖူး တောင်တက်ကားဝင်း အနောက်ဘက်မှ နေရာယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဘုရားဖူး တောင်တက်ကားဝင်းအတွင်းရှိ ဘုရားဖူး လှေကားတက်စင်သို့ လည်းကောင်း၊ လုံခြုံရေးအဖွဲ့ အခြေပြုအဆောင်သို့ လည်းကောင်း ဦးတည် ပစ်ခတ်ခဲ့ကြောင်း အထောက်အထား ခိုင်မာစွာ စိစစ်တွေ့ရှိရသည်။

ဘုရားဖူး တောင်တက်ကားဝင်းအတွင်း မြောက်ဘက်ဘန်ကာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF များကို ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူ/ အကြမ်း ဖက်အုပ်စု PDF များ နေရာယူထားသည့် မိုးမိုးကတွတ်ယိုဆိုင်ဘက်သို့ ထိမှန်ခဲ့ပြီး အဆိုပါ မိုးမိုးကတွတ်ယိုဆိုင်အတွင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် ကျည်ထိပ်ဖူး ပုံပျက်အပိုင်းအစများ စိစစ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ပစ်ခတ်ခဲ့သည့် လားရာအရပ်သည် ဘုရားဖူးပြည်သူများ ရှိနေသည့် အရပ်မျက်နှာနှင့် ဆက်စပ်မှုမရှိကြောင်း မြေပြင်အထောက်အထားအရ စိစစ်တွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် မှားယွင်းပစ်ခတ်ခဲ့ခြင်း တစ်စုံတစ်ရာ မရှိကြောင်း စိစစ်တွေ့ရှိရသည်။
မျက်မြင်သက်သေများ၊ ယခင်ဖြစ်စဉ် အထောက်အထားများ စိစစ်တွေ့ရှိချက်အရ ဘုရားဖူးပြည်သူများကို ပစ်ခတ်ခဲ့သည့် အဖွဲ့တွင် KNU တပ်မဟာ(၁)သို့ ခိုလှုံပြီး KRF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူ အေးမင်းထွန်း ( ရဲပြေး / ယခင်မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ လူယုံတော်) ဆိုသူ ဦးဆောင်ခဲ့ကြောင်း၊ ၎င်းနှင့်အတူ ရဲသွေးနီ (ယခင်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၏ ယာဉ်မောင်း)၊ NUG ကျားဖြူ တပ်ခွဲ(၄)၊ သထုံခရိုင်အဖွဲ့၊ KNU တပ်မဟာ (၁)၊ တပ်ရင်း(၃)တပ်ရင်းမှူး ဒါးနယ်ထူးတို့အဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

အေးမင်းထွန်း (ရဲပြေး)သည် KNU တပ်မဟာ (၁) တွင် ခိုလှုံခဲ့ပြီးနောက် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာ ခင်ဆောင် (တရားခံပြေး)၊ ဦးလှမြင့်သန်း (တရားခံ ပြေး)၊ ဒေါ်သီရိရတနာ (တရားခံပြေး)၊ လုပ်ငန်းရှင်များ ဖြစ်ကြသည့် ကျော်မျိုးမင်း (တရားခံပြေး)၊ အောင်ကျော်သူ (တရားခံပြေး)၊ ဦးခင်တိုး(တရားခံပြေး) တို့နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲသွေးနီး၊ KNU တပ်မဟာ (၁)၊ ရင်း(၃)မှူး ဒါးနယ်ထူးတို့နှင့် ပူးပေါင်းကာ စက်တင်ဘာ ၁၅ ရက်ကလည်း ဘီးလင်း ရဲစခန်းနယ်မြေတွင် DENKO ဆီဆိုင်မှ ဆီဘောက်ဆာယာဉ်တစ်စီးကို ပြန်ပေးဆွဲခဲ့သဖြင့် ဘီးလင်းမြို့မရဲစခန်းမှ ရာဇသတ် ကြီးပုဒ်မ ၃၉၂/၃၆၅ အရ ဖမ်းဆီးရန် အလိုရှိနေသော တရားခံများ ဖြစ်ကြောင်း။
အေးမင်းထွန်းသည် မျိုးလင်းထွဋ် (ခ) မှုံကြီး (ဖမ်းမိ)၊ စောထွန်းဝင်း (ဖမ်းမိ) တို့ နှင့် ပူးပေါင်းကာ KRF (ကျိုက်ထိုတော်လှန်ရေးအဖွဲ့) အဖြစ် ဖွဲ့စည်းခဲ့ပြီး ကျိုက်ထိုမြို့တွင်း ဖောက်ခွဲရေးလုပ်ငန်း စီစဉ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ လှုပ်ရှားမှုများ၊ အရေးကြီး ပုဂ္ဂိုလ်ခရီးစဉ်များ သတင်းရယူ လုပ်ကြံတိုက်ခိုက်ရေး စီမံခဲ့ခြင်းများကြောင့် ကျိုက်ထိုရဲစခန်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅၀(က)(ဈ)/၅၂ (ဃ) တို့အရ အလိုရှိနေသော တရားခံဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၎င်းတရားခံများ အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများမှ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်