ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြား

နေပြည်တော် ဧပြီ ၁၈

မဟာသင်္ကြန် နှစ်သစ်ကူးကာလအတွင်း ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၌ ဘုရား ဖူးပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း ကျိုက်ထီးရိုးဘုရားဂေါကပအဖွဲ့ထံမှ သိရသည်။

“ဘုရားဖူးက ကိုဗစ်ကာလမှာ နည်းတယ်။ ကိုဗစ်ပြီးတော့ တဖြည်းဖြည်း ပြန်တက်လာတယ်။ သင်္ကြန်အကြိုနေ့ကနေ သင်္ကြန်အတက်နေ့အထိ ပြည်တွင်းခရီးသွားက ၂၄၅၉၈၂ ဦး ရှိပါတယ်။ ပြည်ပခရီးသွားလာရောက်မှုအနေနဲ့ ၁၂၉၄ ဦးရှိပါတယ်။ ပြည်ပခရီးသွား လာရောက်မှုမှာ ထိုင်းနိုင်ငံက အများဆုံးဖြစ်ပါတယ်။ မနှစ်က ဘုရားပွဲတော်မှာ ဘုရားဖူး ပြည်သူ လေးသိန်းကျော်လောက် လာပါတယ်။ တချို့ကလည်း တစ်ယောက်ချင်း စာရင်းပေး တယ်။ တချို့ကတော့ ဘယ်သူနဲ့ အဖွဲ့ဆိုပြီး အဖွဲ့လိုက်ပဲ စာရင်းပေးသွားတဲ့သူ တွေလည်း ရှိတယ်။ စာရင်းတွေအရဆိုရင် ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင်တော့ ဒီနှစ် ဘုရားဖူးပြည်တွင်းပြည်ပ လာတဲ့သူ ပိုများလာပါတယ်။ ဒီနေ့မှာလည်း ဘုရားဖူးတွေလာပါတယ်။ တောင်တက်ကား အစီး ၁၅၀ နဲ့ စနစ်တကျပြေးဆွဲပေးနေပါတယ်။ ရသေ့တောင်ကနေ ရင်ပြင်တော်အထိ နေ့စဉ် ကေဗယ်အစီးအရေအတွက် ၄၀ နဲ့လည်း နေ့စဉ် ပြေးဆွဲပေးနေပါတယ်။” ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။
ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့မှ ယနေ့အထိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော် သို့ ဘုရားဖူးပြည်သူ ငါးသိန်းဝန်းကျင် လာရောက်မှုရှိကြောင်း ကျိုက်ထီးရိုး ဂေါပကအဖွဲ့မှ သိရသည်။ 

ထို့ပြင် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော် သို့ ယခုရက်ပိုင်းအတွင်း ဘုရားဖူး ပြည်သူများ ပိုမိုလာရောက်မှုရှိပြီး ဘုရားဖူးများလာရောက်သည့်အတွက် ကျိုက်ထီးရိုး ရင်ပြင်တော် ဈေးဆိုင် တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားနေသည့်အပြင် တည်းခိုဆောင်များ၌လည်း တည်းခိုနေထိုင်သူ များပြားလျက်ရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

“နှစ်သစ်ကူး သင်္ကြန်ပိတ်ရက်က ရက်ရှည်ဖြစ်တဲ့အတွက် မိသားစုဆွေမျိုးတွေ စုစည်းပြီး လာဖြစ်တာပါ။ နှစ်တိုင်းနီးပါး ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော် ဖြစ်ပါတယ်။ ကိုဗစ်ကာလတုန်းကတော့ မလာဖြစ်ဘူး။ ကျွန်မတို့ ရန်ကုန်နဲ့က နီးပြီး သွားရ လာရလည်း လွယ်ကူပါတယ်။ နွေရာသီ အပူချိန်များတဲ့ ကာလဖြစ်ပေမယ့် ပေ ၃၀၀၀ ကျော် မြင့်တဲ့ တောင်ပေါ်မို့ မနက်ပိုင်းနဲ့ ညနေပိုင်းဆို အေးချမ်းပြီး နေလို့ ကောင်းတယ်။ အပန်းလည်း ပြေတယ်။ ဘုရား ဝတ်ပြုလို့လည်း ကောင်းတယ်။ နေ့လည်ပိုင်း တစ်ချက်ပဲ ပူတယ်။ ဒါပေမယ့် လာရောက်တဲ့ ဘုရားဖူးပြည်သူတွေ များပါတယ်။” ဟု ရန်ကုန်မြို့မှ လာရောက်သူ မနန္ဒာလင်း က ပြောပြသည်။

ထိုသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာဘုရားဖူးမြှော်နိုင်ရန်အတွက် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ဂေါပက အဖွဲ့နှင့် တာဝန်ရှိသူများက ဘုရားဖူးပြည်သူများ၏ လုံခြုံရေးနှင့် ပတ်သက်၍ အလေးပေး ဆောင်ရွက်လျက်ရှိသည်။

“လုံခြုံရေးနဲ့ပတ်သက်ရင်လည်း လုံခြုံရေးအဖွဲ့ဝင်တွေက လမ်းခရီးတစ်လျှောက်မှာ ထိန်းသိမ်းဆောင်ရွက်ပေးနေ တာတွေရှိတယ်။ ဂေါပက အဖွဲ့တွေကလည်း ဘုရားဖူးတွေရဲ့ စားရေး၊ သောက်ရေး၊ နေထိုင်ရေးတွေကို ချို့ယွင်းချက်မရှိအောင် ဟိုတယ်တွေ မော်တော် ယာဉ်လိုင်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်” ဟု ဂေါပကအဖွဲ့ ဥက္ကဋ္ဌက ပြောပြသည်။

သက်နိုင်(မော်လမြိုင်)