နေပြည်တော်၊ ၄ ဒီဇင်ဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် အောင်ကျော်သောင်း(ခ) ကျော်သောင်း မောင်းနှင်ပြီး အောင်ကျော်လင်း လိုက်ပါလာသည့် BIGHORN အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ် ၃၂၃၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇,၈၀၀ ကို လည်းကောင်း၊
ထို့အတူ ယင်းနေ့နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ နမ့်ဟွယ်နေကျေးရွာအနီး၊ မူဆယ်-ပန်ဆိုင်း(ကြူကုတ်)သွား ကားလမ်းတွင် အိုက်လျန်းမောင်းနှင်ပြီး အောင်မျိုးသန့် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၆၄)နေ ဖန်လျာရို၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၅၄ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၆,၄၀၀ တို့ကိုလည်းကောင်း၊
အလားတူ ယင်းနေ့ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ တာပုံကျေးရွာအုပ်စု၊ နားဖကျေးရွာအနီး၊ လားရှိုး-မိုင်းယော်သွား ကားလမ်းတွင် အိုက်ဆင်းမောင်းနှင်ပြီး မလွမ်းညွယ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ တို့ကိုလည်းကောင်း၊
ထို့အတူယင်းနေ့ နံနက် ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာနေ ဘေစီလှ(ခ)အငယ်လေး၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၃၀၊ စိတ်ကြွရူးသွပ်ဆေးမှုန့် သုည ဒသမ ၀၃ ကီလို၊ မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)