နေပြည်တော် ၁၅ ဒီဇင်ဘာ

 

ကျိုက်ထိုမြို့၊ မော်လမြိုင်မြို့နှင့် မိတ္ထီလာမြို့နယ်တို့တွင် စုစုပေါင်းငွေကျပ် ၁၂၂၀ ဒသမ ၄ သိန်း တန်ဖိုးရှိ Ammonium Nitrate များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အကောက်ခွန်ဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် စစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီက မင်းစည် မောင်းနှင်ပြီး သီဟကိုကိုနှင့် အောင်သက်ပိုင်တို့ လိုက်ပါလာသည့် Express ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ Ammonium Nitrate ၂,၈၅၀ ကီလို သိမ်းဆည်းရမိခဲ့သည်။

 

ကွင်းဆက်အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ မြေနီကုန်းကားဝင်းအတွင်း ထွန်းမင်းနှင့် တင်မိုးလှိုင် (ခ) အညာသား တို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့အား စစ်ဆေးချက်အရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၄/၄-၅)ကြား၊ မိတ္ထီလာမြို့နယ်၊ သီးကုန်းတိုးဂိတ်တွင် သန်းမြတ်စိုး မောင်းနှင်ပြီး ရန်နိုင်လွင်၊ ပြည့်ဖြိုးကျော်၊ အောင်ကိုဝင်းတို့ လိုက်ပါလာသည့် Express ခရီးသည်တင် မော်တော်ယာဉ်နှင့် ဇော်မင်း မောင်းနှင်ပြီး ချမ်းဝင်းအောင်၊ ထွန်းထွန်းဝင်း တို့လိုက်ပါလာသည့် Express ခရီးသည်တင် မော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ သန်းမြတ်စိုး မောင်းနှင်သည့် ယာဉ်ပေါ်မှ Ammonium Nitrate ၉၀၀ ကီလိုနှင့် ဇော်မင်း မောင်းနှင်သည့်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့် ထည့်လျက် Ammonium Nitrate ၁,၇၅၀ ကီလိုတို့ကို သိမ်းဆည်းရမိပြီး ကွင်းဆက်အရ မော်လမြိုင်မြို့၊ လှိုင်ရှမ်းစုရပ်ကွက်၊ မြေနီကုန်းကားဝင်း အတွင်းတွင် သိန်းဇော်နှင့် သူရကျော်(ခ)ကိုပြည့် တို့အားလည်းကောင်း၊ မော်လမြိုင်မြို့၊ လှိုင်ရှမ်းစုရပ်ကွက်၊ မြို့ရှောင်လမ်း၊ အမှတ်(၃၃)နေ ကျော်ရဲလွင်(ခ)ကုလားလေးအား Mitsubishi အမျိုးအစား မော်တော်ယာဉ်တစ်စီးဖြင့် လည်းကောင်း။

 

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်း၊ အမှတ်(၇၃)ရှိ ဇေယျာ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ ဖိုးဦး အားလည်းကောင်း မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်၊ အနောက်ပိုင်းလမ်းနေ စည်သူ၏ခြံဝင်းရှိ ဂိုဒေါင်အတွင်းမှ Ammonium Nitrate ၂၀,၉၇၅ ကီလိုအားလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မင်းစည်၊ သီဟကိုကို၊ အောင်သက်ပိုင်၊ ထွန်းမင်း၊ တင်မိုးလှိုင် (ခ) အညာသား၊ သန်းမြတ်စိုး၊ ရန်နိုင်လွင် (၃၈)နှစ်၊ ပြည့်ဖြိုးကျော်၊ အောင်ကိုဝင်း၊ ဇော်မင်း၊ ချမ်းဝင်းအောင်၊ ထွန်းထွန်းဝင်း၊ သိန်းဇော်၊ သူရကျော်(ခ)ကိုပြည့်၊ ကျော်ရဲလွင်(ခ)ကုလားလေး၊ ဖိုးဦး၊ စည်သူ၊ ဇေယျာ(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား