သထုံ ၂၄ ဇန်နဝါရီ
မွန်ပြည်နယ် သထုံခရိုင်အတွင်းတွင် လင်းယုန်စီမံချက် စတင်ပြီး ဆယ်ရက်အတွင်း ခရိုင်အတွင်းရှိ ဘီးလင်း မြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်များသို့ သထုံခရိုင် ကညနရုံးမှ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များကို ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် သထုံခရိုင် ကညနရုံးတွင် သတ်မှတ်ထားသည့်နေ့များတွင် ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်း ဆိုင်ကယ်ယာဉ်မောင်းသူ သုံးထောင်ခန့်အား လိုင်စင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၄ ရက် နံနက် ၉ နာရီက ကျိုက်ထိုမြို့ သာသနာ့ဗိမာန်ခန်းမတွင် ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်လာရောက်ပြုလုပ်သူများကို သထုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား အသိပညာပေး ဟောပြောပြီး စာတွေ့ ရေးဖြေ ဖြေဆိုစေ၍ သတ်မှတ်ထားသော ငွေကြေးများကို ပေးသွင်းကာ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးလျှက်ရှိသည်။
မွန်ပြည်နယ် အတွင်း၌သာ မောင်းနှင်ခွင့်ရှိသော ဆိုင်ကယ်လိုင်စင်များအား ပြည်သူများအတွက် အဆင်ပြေအောင် မကြာမီ အချိန်အတွင်း ဆိုင်ကယ်လိုင်စင်များကို ဥပဒေနှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း မွန်ပြည်နယ် အစိုးရရုံးတွင် ဇန်နဝါရီ ၂၁ ရက်က လင်းယုန်စီမံချက်နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောကြားခဲ့ကြောင်း သိရသည်။
ခွန်(ဝင်းပ)