ကျိုက်ထို ၂၂ ဇူလိုင်
ကျိုက်ထိုမြို့တွင် ရှားပါးလိပ်တစ်ကောင်တွေ့ရှိခဲ့ပြီး သစ်တောကြိုးဝိုင်းအတွင်း ဆက်လက်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက ဦးအောင်ကျော်၏ဇနီး ဒေါ်ခိုင်စပယ်သည် အမည်မသိ လိပ်တစ်ကောင်ကို လာရောက်အပ်နှံရာ ကံ့ကော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦမင်မင်းအောင်က လက်ခံရယူပြီး မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဇော်ထွန်းထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် သစ်တောဦးစီးဌာနမှ အဆိုပါလိပ်သည် ရှားပါးသည့် လိပ်ဖြစ်ပြီးတောင်ပေါ်ဒေသများတွင် ကျက်စားလေ့ရှိသည့်အပြင် မျိုးသုဉ်းလုနီးဖြစ်နေသည့်လိပ်မျိုးဖြစ်၍ တွေ့ရှိသူများက လာရောက် အပ်နှံသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောဆိုသည်။
အဆိုပါလိပ်မှာ အလျား (၁၇) လက်မ ဗျက် (၅)လက်မ အလေးချိန်(၅၀)ကျပ်သား ကျော်ရှိ၍ လိပ်ခန္ဓာကိုယ် ကြက်တူရွေးပါးစပ် မိချောင်းအမြီးကဲ့သို့ အင်္ဂါ (၃)မျိုးပါရှိသည့် လိပ်ကြက်တူရွေးအမျိုးအစား ဖြစ်ကြောင်း၊ ယခုကဲ့သို့ တာဝန်သိစွာ လာရောက်အပ်နှံသည့်အတွက် သစ်တောဦးစီးဌာနမှ ကျေးဇူးတင်ရှိပါကြောင်းနှင့် သစ်တောကြိုးဝိုင်းအတွင်းတွင် ဆက်လက်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း တောအုပ် ဦးဇော်ထွန်းက ပြောကြားချက်အရ သိရသည်။
ယင်းလိပ်ကို ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီခန့်တွင် ဦးအောင်ကျော်တို့နေထိုင်သည့် ခြံစည်းရိုး၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဝင်းမောင်(ကျိုက်ထို)


