ကျိုက်ထို မတ် ၁၉
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအတွက် အခြေခံ င်္ဂလိပ်စာသင်တန်းဖွင့်ပွဲ ကျင်းပသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းပို့ချမည့် အထက်တန်းပြဆရာမ ဒေါ်ရွှေဇင်ခက်က ကျောင်းသား ကျောင်းသူများ ကျောင်းပိတ်ရက်ကာလတွင် ပညာရေး အထောက်အကူဖြစ်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် အင်္ဂလိပ်စာ သင်ကြားတတ်မြောက်ထားခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ သင်တန်းဆက်လက်ပို့ချရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြသည်။
အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ ၄၂ ဦး တက်ရောက်ကြပြီး အင်္ဂလိပ်စာအခြေခံ အသုံးအနှုန်းများ၊ အဓိပ္ပာယ်များ၊ အခြေခံအင်္ဂလိပ်စကားပြောခြင်းနှင့် ကလေးကဗျာများကို အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)


