နေပြည်တော် ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီခွဲတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ဒိုက်ဦးမှ ဘားအံသို့ ခိုင်ဇော်ထွန်း မောင်းနှင်ပြီး နိုင်ဇော်နှင့် နန္ဒထွန်းတို့ လိုက်ပါလာသည့် HYUNDAI MINI BUS ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၄ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ ဇော်မျိုးနိုင်(ခ)ဒညင်းကို ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာရှိ ၎င်း၏ နေအိမ်တွင် HYUNDAI GRACE ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရကာ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်