ကျိုက်ထို ၁၁ ဇွန်
မွန်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၏ ပံ့ပိုးကူညီမှုဖြင့် အခြေခံဂီတ ဝါးပတ္တလားသင်တန်း ဆင်းပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် ကျိုက်ထိုမြို့ မဟာမေဃဝန် ကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ဇော်ထွန်း က တိုင်းရင်းသားရိုးရာ အတီးအမှုတ် အကများကို လက်ဆင့်ကမ်း သယ်ယူပေးသည့် အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ မွန်၊ ကရင်၊ ဗမာ၊ ပအိုင်း တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ပူးပေါင်းချစ်ကြည်ရေးအဖွဲ့ နာယက ဦးဝမ်ကြည်ကသင်တန်းဖွင့်လှစ်ရခြင်း ရွယ်ရည်ချက်နှင့် တက်ရောက်သင်ကြားခဲ့သည့် ဆရာဆရာမများ၊ ဝါသနာရှင် တိုင်းရင်းသားလူငယ်များအနေဖြင့် မိမိတို့ကျောင်းများရှိ ကျောင်းသူကျောင်းသားများ ရပ်ကွက်၊ ကျေးရွာများရှိ ဝါသနာရှင် လူငယ်များကို လက်ဆင့်ကမ်း သင်ကြားပေးရန်တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြများကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းသူ၊ သင်တန်းသားများက သီချင်းကြီးများကို သီဆိုကာ ဝါးပတ္တလားတီး၍ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)