ကျိုက်ထို ၂၇ ဒီဇင်ဘာ
ကျိုက်ထိုမြို့နယ်အတွင်း ယခင်က အသုံးပြုခဲ့သည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဟောင်းမှ ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီခန့်တွင် လက်ကျန် ဓာတ်ငွေ့ရည်များ ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားသည့် နေရာမှာ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက် လက်ရှိ ပို့လွှတ်နေသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသစ်နှင့် ၁၅ ပေ ခန့်အကွာ မြေကြီးအောက်၌ မြုပ်ထားသည့် အချင်း ၁၀ လက်မ လုံးပတ် ၂၅ လက်မရှိ ပိုက်လိုင်းဟောင်းမှာ မြောက်ပိုင်းရပ်ကွက် ရွှေနတ်တောင်ကုန်း ၁ နေရာ ငယ်ဒိုးပိုင်းရှိ စက်မှုလယ်ယာ ဦးစီးဌာနသွား လမ်းနှင့် ကိုက် ၂၀ ခန့်ကွာဝေးသည့် ခြောက်နေရာတွင် လက်ကျန် ဓာတ်ငွေ့ရည်များ ယိုစိမ့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖြစ်ပွားမှုကို သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတာဝန်ခံ ဦးသန်းထွန်းက သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားထားကြောင်း သိရှိရပြီး မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဦး ဇေယျာမွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြသောင်းနှင့် တာဝန်ရှိသူများက မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေး စောင့်ကြည့်လျှက် ရှိကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)