၁၁ စက်တင်ဘာ

 

၁၉၃၈ မှ ၁၉၄၀ ပြည့်နှစ်များအတွင်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် သခင်များ၊  ကျောင်းသားနှင့်ရေနံမြေလုပ်သားများ၏ လှုပ်ရှားမှုများ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည်။ ရေနံမြေအရေးတော်ပုံနှင့် ၁၉၃၈ ခုနှစ်ကျောင်းသားသပိတ်ပေါ်ပေါက်ခဲ့ပြီး ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ   ကိုအောင်ကျော်သည် စစ်ပုလိပ်တို့၏လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

 

နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်လာသလိုပြည်သူလူထုအတွက် နိုင်ငံရေးအသိ၊ နိုင်ငံရေး သဘောတရားများ၊  လွတ်လပ်ရေးရယူလိုစိတ်များကို လှုံ့ဆော်ပေးမည့် စာအုပ်စာတမ်းများကိုလည်း ထုတ်ဝေလာကြသည်။ အထူးသဖြင့် နဂါးနီစာအုပ်အသင်းကြီးလည်း  ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။   ၁၉၃၇   ခုနှစ်နိုဝင်ဘာလ ၄ ရက်နေ့တွင်  ကိုနုနှင့် ကိုထွန်းအေးတို့က ဦးဆောင်ပြီး  နဂါးနီစာအုပ်အသင်းကြီးကို ထူထောင်ကြသည်။   ကိုသန်းထွန်း၊ ကိုစိုးတို့ကလည်း နဂါးနီစာအုပ်အသင်းကြီးကို ဝန်းရံပေးကြလေသည်။ ထိုခေတ်က နိုင်ငံရေးလှုပ်ရှားနေသော ကျောင်းသားများနှင့် သခင်များသည် နဂါးနီ၏ အဓိကအင်အားဖြစ်လာခဲ့လေသည်။

 

နဂါးနီစာအုပ်အသင်းကြီး၏ လှုပ်ရှားမှု


နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးစာအုပ်များကို   ရေးသားထုတ်ဝေလာသည့်အခါ   အစိုးရက နဂါးနီစာအုပ်အသင်းကြီး၏ လှုပ်ရှားမှုကို စောင့်ကြည့်နေလေသည်။

 

၁၉၄၀ ပြည့်နှစ် မေလ ၂၅ ရက်နေ့တွင် လွစ္စလမ်းရှိ နဂါးနီစာအုပ်တိုက်သို့ ရန်ကုန်မြို့မ စုံထောက်အရာရှိနှင့်ပုလိပ်အဖွဲ့ဝင်များ ဝင်ရောက်လာပြီး အရာရှိက သူ့တွင်ပါလာသော ဝရမ်းစာရွက်ကိုထုတ်ပြသည်။ “အရေးတော်ပုံ”ဝတ္ထုစာမူများ၊ စာမူစီပြီးသားစာဖောင်များနှင့် ရိုက်နှိပ်ပြီးသားစာဖောင်များကို ဖမ်းဆီးသိမ်းယူရန်ဖြစ်သည်။

 

နဂါးနီစာအုပ်တိုက်သို့   ဝရမ်းစာလာပေးသည်နှင့်တစ်ပြိုင်တည်းမှာပင်     မောင်ဂိုမာရီလမ်းတွင်ရှိသည့် နဂါးနီပုံနှိပ်တိုက်သို့  ပုလိပ်အရာရှိ စုံထောက်နှင့်အဖွဲ့ဝင်များ ဝင်ရောက်လာပြီး တစ်တိုက်လုံးကို ရှာဖွေကြ သည်။    ရိုက်ပြီးသားစာဖောင်များ၊   စာစီထားသော စာဖောင်နှင့် စာမူများကို သိမ်းယူကြသည်။

 

အရေးတော်ပုံဝတ္ထုကိုရေးသူမှာ စာရေးဆရာ မြဒေါင်းညို ဖြစ်သည်။ အရေးတော်ပုံစာအုပ်ကို သိမ်းဆည်းရုံမျှမက နဂါးနီပုံနှိပ်ထုတ်ဝေသူအား ရန်ကုန်အရေးပိုင်ကခေါ်ယူပြီး ကာကွယ်ရေးဌာနမှ  ထုတ်ပြန်သည့်  အမိန့်စာကို  ပေးလေသည်။  ထိုအမိန့်စာမှာ  အရေးတော်ပုံကဲ့သို့သော  စာအုပ်မျိုးကို  နောက်ထပ်ထုတ်ဝေလျှင် နဂါးနီပုံနှိပ်တိုက်ကို ပိတ်မည်ဟု ဆိုသည့်အမိန့်ဖြစ်သည်။ ထိုမျှမကသေး  နဂါးနီကို အာမခံငွေ၆၀ဝ တောင်းသဖြင့် အာမခံတင်ရလေသည်။

 

နဂါးနီစာအုပ်တိုက်အပေါ်  ဤသို့ဖိနှိပ်ချုပ်ချယ်မှုများကို တိုင်းပြည်သို့တင်ပြရန် တာဝန်ရှိသဖြင့် ဇွန်လထုတ် စနေနဂါးနီဂျာနယ်တွင် အောက်ပါအတိုင်း ရေးသားတင်ပြခဲ့လေသည်။

 

“တစ်ပြည်လုံးသိပြီးဖြစ်သည့်အတိုင်း  ၁၉၄၀  ပြည့်နှစ်    မေလ  ၅  ရက်နေ့    ညနေက  ရန်ကုန်မြို့မ စုံထောက်အရာရှိများနှင့် သက်သေအစုံအလင်တို့သည် နဂါးနီစာအုပ်တိုက်နှင့် နဂါးနီပုံနှိပ်တိုက်ကို အနှံ့အပြား ရှာဖွေပြီးနောက်  ရိုက်နှိပ်၍  ပြီးလုဆဲဖြစ်သော အရေးတော်ပုံဝတ္ထုကို   ရိုက်ပြီးစာရွက်အားလုံးနှင့်တကွ စာမူများ၊ စီပြီးစာလုံးများကိုပါ သိမ်းဆည်းသွားကြောင်း။”

 

“၁၉၄၀  ပြည့်နှစ်  မေလ  ၃၁  ရက်နေ့  နေ့လယ်အချိန်တွင် ရန်ကုန်အရေးပိုင်သည် နဂါးနီပုံနှိပ်ထုတ်ဝေ သူအား ၎င်း၏ရုံးသို့ခေါ်၍ ကာကွယ်ရေးအတွင်းဝန်ထံမှ အမိန့်တစ်ရပ်ကို ပေးအပ်ကြောင်း၊  ၎င်းအမိန့်မှာ နဂါးနီသည်  နောင် “အရေးတော်ပုံ” ကဲ့သို့သော စာအုပ်များကို  ရိုက်နှိပ်ထုတ်ဝေလျှင်  နဂါးနီပုံနှိပ်တိုက်ပိတ်သည်အထိ အရေးယူမည်ဟူသော အမိန့်ပင်ဖြစ်ပါကြောင်း။”

 

စာအုပ်များ ပိတ်သိမ်းခံရ 


“ယခုဝန်ထုပ်သည်ကား မြန်မာပြည်အစိုးရ၏ တောင်းဆိုချက်အရ ဇွန်လ ၁၀ ရက်နေ့က  နဂါးနီသည်အာမခံငွေ ၆၀ဝ တင်ထားလိုက်ရပြီဖြစ်ကြောင်း၊ ဤဝန်ထုပ်သည်ကား နဂါးနီသည်  ခါးညွတ်အောင်ထမ်းရမည့် ဝန်ထုပ်ပင်ဖြစ်ကြောင်း၊ နဂါးနီသည် အရေးတော်ပုံ ဝတ္ထုဂယက်ရိုက်သဖြင့် အာမခံမတင်မီအတွင်း  နဂါးနီမှ မည်သည့် စာအုပ်စာတမ်းမျှ ထုတ်ဝေရန် အခွင့်မရကြောင်း၊ ထို့ကြောင့်ပင်လျှင် ဇွန်လ ၁ ရက် စနေနေ့တွင် ထုတ်ဝေရန်အသင့်ရိုက်နှိပ်ပြီးဖြစ်သော စနေနဂါးနီဂျာနယ်ကို ထုတ်ဝေခြင်း မပြုနိုင်ဘဲ အာမခံငွေတင်ပြီးနောက် ဇွန်လ ၁၀ ရက်တနင်္လာနေ့မှသာလျှင်  ထုတ်ဝေခြင်းပြုနိုင်တော့ကြောင်း။”

 

“နဂါးနီသည် အမျိုးမျိုးသော ဒုက္ခများနှင့်တွေ့လျက်အာမခံငွေ ၆၀ဝ တင်ထားပြီး လစဉ်စာအုပ်များ၊  အထူး ထုတ်များနှင့် စနေနဂါးနီဂျာနယ်ကို  ထုတ်ဝေရခြင်းဖြစ်သော်လည်း    စိတ်မပျက်၊   ဝါဒစည်းမျဉ်းနှင့်အညီ အကောင်းဆုံး စာအုပ်များထွက်ရန်နှင့်  စနေနဂါးနီကိုလည်း အကောင်းဆုံး  ခေါင်းဆောင်ဂျာနယ်ကြီးဖြစ်ရန်  အထူး ကြိုးစား  ဆောင်ရွက်မည်ဖြစ်ပါကြောင်း  တိုင်းပြည်သို့အစီရင်ခံပါကြောင်း”။

 

ကိုလိုနီခေတ်တွင် နိုင်ငံရေးလှုံ့ဆော်မှုများလုပ်ကြရာတွင် သခင်များက စာအုပ်များရေးသားထုတ်ဝေလာခဲ့ကြ သည်။ ထို့ကြောင့် ကိုလိုနီအစိုးရက ထိုလှုံ့ဆော်သွေးထိုး ပေးသောစာအုပ်များကို  တားမြစ်ပိတ်သိမ်းခဲ့လေသည်။ ထိုစဉ်က နဂါးနီစာအုပ်တိုက်နှင့် ခေတ်ပြိုင်ထုတ်ဝေသော စာအုပ်တိုက်မှာ ဦးထွန်းအေး၏ “  မြန်မာပြည်စာအုပ်ဖြန့်ချိရေးဌာန”ဖြစ်ပြီး ထိုစာအုပ်တိုက်မှ ထုတ်ဝေသော စာအုပ်များလည်း ပိတ်သိမ်းခံရလေသည်။  ထိုစာအုပ်များမှာ ဘဟိန်း၏ “ကမ္ဘာ့စစ်နှင့် ဗမာ့နောင်ရေး”၊ သခင်စိုး ရေးသားပြီး   သခင်ဘဟိန်းတည်းဖြတ်သည့်    “ဗမာ့တော်လှန်မှု”နှင့် သာဒွန်းရေးသားသည့်  “နဂါးနက်”တို့ဖြစ်သည်။

 

တရားသော လုပ်ငန်းသာလျှင်ဖြစ်


“ကမ္ဘာ့စစ်နှင့် ဗမာ့နောင်ရေး”ကို   ဦးထွန်းအေး၏ “မြန်မာပြည်စာအုပ်ဖြန့်ချိရေးဌာန”  က  အထူးထုတ်အဖြစ် ထုတ်ဝေခဲ့သည်။  ရေးသားသူဘဟိန်းက  အမှာစာတွင် အောက်ပါအတိုင်းရေးသားခဲ့သည်။

 

“တောက်လောင်စပြုလာသော  စစ်မီးသည်  ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံရစ်ပတ်တော့မည်ကဲ့သို့ ရှိနေခိုက်ဗြိတိသျှနယ်ချဲ့စနစ်သည် ဗြိတိသျှအင်ပါယာ မပြိုမကွဲတည်မြဲနေရန်အတွက်  အလျင်အမြန်အားစုနေသည့်အထဲတွင် ဗြိတိသျှနယ်ချဲ့စနစ်ကြောင့် ဗမာဆင်းရဲသားလူထုကြီးမှာ လူ့ဘဝတွင် သာမန်လူ့အခွင့်အရေးလေးများကိုမျှ ခံစားခွင့်မရကြဘဲ ဆင်းရဲတွင်းနက်နေကြစဉ် “တကယ်လို့စစ်ဖြစ်လာရင်    ဗမာတွေဘာလုပ်ကြမလဲ”    ဟူသော ခြင်းမရှိပေ။   ထို့ကြောင့်  သခင်ဘဟိန်းက  အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ရေးသားခဲ့လေသည်။

 

“မည်သို့ပင်ဖြစ်စေ ဗမာပြည်ကို ဗြိတိသျှအင်ပါယာမှခွဲထွက်ကာ လွတ်လပ်သောပြည်နယ်တစ်ခုအဖြစ် နေလိုခြင်း၊ ဗမာ့နိုင်ငံခြားဝါဒ၊ ဗမာ့စီးပွားရေး၊ ဗမာ့ကာကွယ်ရေးတို့ကို ဗမာများကိုယ်တိုင် ကြီးကြပ်စီမံလိုခြင်း၊ အတိုချုပ်အားဖြင့် ဗမာ့ကံကြမ္မာကို ဗမာကိုယ်တိုင် ဖန်တီးလိုခြင်းမှာ ဗမာတိုင်း၏ ဓမ္မတာဆန္ဒဖြစ်လေရာ ဗြိတိသျှလက်အောက်မှ ဗမာပြည် လုံးဝလွတ်မြောက်မှသာလျှင် ဗမာ့ဆန္ဒပြည့်ဝ ပေတော့မည်။ ဗမာများ၏ လွတ်လပ်မှုလုပ်ငန်းသည်လည်း တရားသော လုပ်ငန်းသာလျှင် ဖြစ်ပေလိမ့်မည်။

 

လယ်သမားလွတ်လပ်ရေးအတွက်


ထို့ကြောင့် ကိုလိုနီနယ်ချဲ့အစိုးရက  “ကမ္ဘာ့စစ်နှင့်ဗမာ့ နောင်ရေး” စာအုပ်ကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။”

 

“ဗမာ့တော်လှန်မှု၊  လယ်သမားအရေး”ကို သခင်စိုး က ရေးသားပြုစုပြီး သခင်ဘဟိန်းက တည်းဖြတ်ခဲ့သည်။ လယ်သမားအရေးမှာ ဗမာတစ်မျိုးသားလုံး၏ အရေးဖြစ်သည်။  ဗမာလူမျိုးလူတန်းစေ့နေနိုင်ရေးအတွက်  လုံးပန်း နေကြသူတိုင်း လယ်သမားအရေးကို အလေးပေးကြရပါမည်။ လယ်သမားများမှာ ကြွေးလည်ပင်းခိုက်နေပြီး  မိမိပိုင်လယ်များကို ချစ်တီးများထံ ထိုးအပ်နေကြရသည်။ ဤစာအုပ်သည်  လက်ရှိပေါ်ပေါက်နေသော လယ်သမား လွတ်လပ်ရေးအတွက် အထောက်အကူရရန် ရေးသားခြင်း ဖြစ်သည်။

 

သခင်ဘဟိန်း၏  တည်းဖြတ်သူအမှာစာတွင် အောက်ပါအတိုင်းရေးသားခဲ့သည်။

 

“လယ်သမားအရေးမှာ ဗမာတစ်မျိုးသားလုံး အရေးဟု ပြောရလောက်အောင်ပင် အရေးကြီးလှ၏။  ကျယ်ဝန်းလှ၏။ ဗမာလူမျိုး ၁၀ ယောက်တွင် ကိုးယောက်မှာ လယ်မြေနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဆက်သွယ်ကာ  အသက်မွေးကြရ၏။  ထို့ကြောင့်ပင်ဗမာလူမျိုး  လူတန်းစေ့နေနိုင်ရေးအတွက် လုံးပန်းနေကြသူတိုင်း လယ်သမားအရေးကို ဗဟိုချက်မထားကာ  လုပ်ငန်းကို  အသေးစိတ်လုပ်ဖို့လို၏။ လယ်သမား အရေးကို ပိုင်နိုင်စွာ နားလည်ထားဖို့လို၏။

 

“စာအုပ်ရေးသူ  သခင်စိုးမှာကား  လယ်သမား အရေးကို အတော်ပင်နှံ့စပ်အောင်  လေ့လာနိုင်နင်းထား ပြီးဖြစ်၏။  ယခုစာအုပ်မှာ လယ်သမားအရေးနှင့်ပတ်သက်၍ ဗမာပြည်တွင် ယခင်ကမပေါ်ဖူးသေးသော စာအုပ်မျိုးဖြစ်သည်ဟု  ကျွန်တော်တင်းတင်းကြီး  ဆိုရဲပါ၏။”

 

ဂျပန်ပြည်၏အတွင်းရေး  ရှုပ်ထွေးမှုများ


ပိတ်သိမ်းခြင်းခံရသော  “နဂါးနက်”  စာအုပ်ကိုသာဒွန်းက        ရေးသားခဲ့သည်။   ထိုစာအုပ်ကိုနောက်တစ်ကြိမ်   အမိန့်မရမချင်း    မထုတ်ဝေရဟုတားမြစ်ခဲ့သည်။ ဤစာအုပ်မှာ ဂျပန်ပြည်၏အတွင်းရေး  ရှုပ်ထွေးမှုများကို    မြန်မာလူထုသိရှိရန်ဖြစ်သည်ဟု ဆိုသည်။

 

“မြန်မာပြည်စာအုပ်ဖြန့်ချိရေးဌာန” ၏ ဝါဒပြန့်ပွား ရေးဆိုင်ရာ သခင်ထိန်ဝင်းအား အောက်တိုဘာလတွင်ဖမ်းဆီးခံရသဖြင့် ၎င်းအတွက် အမှတ်တရထုတ်ဝေသည်ဟု ဆိုလေသည်။ ဂျပန်နိုင်ငံသည် ဘုရင်ဒီမိုကရေစီနိုင်ငံဟုဆိုသော်လည်း  လက်ရှိတွင် ဖက်ဆစ်နိုင်ငံအဖြစ်သို့ ရောက်ရှိနေကြောင်း ရေးသားဖော်ပြခဲ့သည်။ “နဂါးနက်” အသင်းမှာ လူစုံပါဝင်၏။ လူဆိုးများ၊ စစ်ဘက်အရာရှိများ၊ သူဌေးကြီးများ၊ သူလျှိုများပါဝင်၏။ ၎င်းတို့ဝါဒမှာ ဖက်ဆစ်ဝါဒပင်ဖြစ်၏။  ၎င်းတို့သည်  နေရာတိုင်းပါဝင်ကြိုးကိုင်ကြ၍      ဖက်ဆစ်စနစ်ကို    ကျင့်သုံးကြ၏။  ဖက်ဆစ်တို့  ဂျပန်၌ ထွန်းကားလာပုံ  အတွင်းရေးများကိုရေးသားထားသည်။ ဤသည်မှာ မြန်မာတို့အထင်ကြီးနေသော ဂျပန်တို့မှာ ဖက်ဆစ်များဖြစ်ကြောင်း ဖွင့်ချလိုက်ခြင်းဖြစ်သည်။  ၎င်းကိုအင်္ဂလိပ်နယ်ချဲ့က  ဂျပန်ဖက်ဆစ်တို့၏ရန်ကို    ကြောက်ရွံ့သဖြင့်    နောက်ထပ်ထုတ်ဝေခြင်းမပြုရန်  တားမြစ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင်”ဖြန့်ချိရေး”မှ သခင်ထိန်ဝင်းကို  နဂါးနက်အသင်းဆန်ဆန်လာဖမ်းသဖြင့်      ဤစာအုပ်ကို    သခင်ထိန်ဝင်းအား  ရည်òန်းသည်ဟုရေးသားပြီး  ထုတ်ဝေခဲ့လေသည်။

 

သိမ်းဆည်းတားမြစ်ခြင်းခံရသော စာအုပ်များဖြစ်စာတိုက်ဗိုလ်ဟောင်း ပျော်ဘွယ်သခင်ဗဆွေရေးသား၍  ၁၉၄၀  ပြည့်နှစ်  ဇွန်လတွင် ထုတ်ဝေခဲ့သော “ဗမာ့ပုန်ကန်မှု” များ  စာအုပ်မှာ  အင်္ဂလိပ်နယ်ချဲ့အား အစောဆုံးပုန်ကန်ခဲ့သည့် မင်းလောင်းများအကြောင်း ရေးသားထားသည်။ ထိုစာအုပ်  ထုတ်ဝေချိန်သည်မြန်မာနိုင်ငံတွင်  နိုင်ငံရေးအုံကြွမှု  ပြင်းထန်နေချိန်ဖြစ်သဖြင့် “နယ်ချဲ့စနစ်နှင့် ဓနရှင်ဝါဒကို အမြစ်ကလှန်ပစ်မည်” ဟု အတွင်းမျက်နှာဖုံးတွင် ကြွေးကြော်ထားသည့်အပြင် “ကျွန်အဖြစ်မှ လွတ်မြောက်စေရန် တော်လှန်ပုန်ကန်ကြရာတွင်  အသက်စွန့်လွှတ်သွားကြရသော ဆရာစံအစရှိသည့် သွေးချင်း သားချင်းတို့အား သတိရ စေရန်လည်းကောင်း၊ ထိုသူရဲကောင်းကြီးတို့၏ သတ္တိဂုဏ်ကို    ချီးကျူးသောအားဖြင့်လည်းကောင်း ဤစာအုပ်ကို ထုတ်ဝေပါကြောင်း” ဟု   ထုတ်ဝေသူသခင်ဗကိုးက ရေးသားခဲ့သည်။ ထိုစာအုပ်ကို စာမျက်နှာ ၂၅၀ အထိ ရိုက်နှိပ်ရန်စီစဉ်ထားသော်လည်း    အနှောင့်အယှက် ချုပ်ချယ်မှုများကြောင့်  စာမျက်နှာ ၁၄၄ အထိသာ ထုတ်ဝေရကြောင်း၊  အချို့အခန်းများကို   ချန်လှပ်ခဲ့ရကြောင်း  မှတ်ချက်ရေးသားခဲ့သည်။  ထိုစာအုပ်ကိုနယ်ချဲ့  အစိုးရကပိတ်ပင်ပြီး လိုက်လံထိန်းသိမ်းခြင်းခံရသည်ဟု ဆိုလေသည်။

 

ယခုတင်ပြခဲ့သောစာအုပ်များမှာ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲကာလအတွင်း  တို့ဗမာအစည်းအရုံးဝင် သခင်များက ရေးသားပြုစုထုတ်ဝေခဲ့ပြီး နယ်ချဲ့အစိုးရက လိုက်လံသိမ်းဆည်း ပိတ်ပင်တားမြစ်ခြင်းခံရသော စာအုပ်များဖြစ်သည်။       ။

 

မြင့်ဆွေဦး