ဧပြီ ၂၁
ကိုလံဘီယာနိုင်ငံ ကူကန်နူဘာဒေသတွင် ယမန်နေ့မနက်ပိုင်းက ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ခုနစ်ဦးပျောက်ဆုံးခဲ့ရာ ၎င်းတို့အနက် သုံးဦးအလောင်းကိုတွေ့ရှိခဲ့သည်ဟု ယမန်နေ့မွန်းလွဲပိုင်းက အမျိုးသားသတ္တုတွင်း အေဂျင်စီက အတည်ပြုပြောကြားသည်။
အဆိုပါသတ္တုတွင်းပေါက်ကွဲမှုကြောင့် သတ္တုတွင်းလုပ်သား ခုနစ်ဦးထက်မနည်းပျောက်ဆုံးလျက်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး နီကိုလပ်ဂါစီရာက ယမန်နေ့က ပြောသည်။
ကယ်ဆယ်ရေးအဖွဲ့က ပိတ်မိနေသော သတ္တုတွင်းလုပ်သားလေးဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အမျိုးသားသတ္တုတွင်းအေဂျင်စီ၊ အရပ်ဘက်ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့တပ်ဖွဲ့နှင့် မီးသတ်ဌာနတို့ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း သတ္တုတွင်းနှင့်စွမ်းအင်ဝန်ကြီး ဗီလတ်က ဆိုသည်။
ထိုသတ္တုတွင်းမှ ကာဗွန်မိုနောက်ဆိုက်၊ မီသိန်းဓာတ်ငွေ့နှင့် ကျောက်မီးသွေးအမှုန်များကဲ့သို့သော အဆိပ်ဓာတ်ငွေ့များ ထွက်လာခြင်းကြောင့် မီတာ ၉၀၀ ကျော်အနက်ရှိသောသတ္တုတွင်းအတွင်းသို့ ဝင်ရောက်ရန်ခက်ခဲကြောင်း ကန်ဒီနာမာကာမီးသတ်ဌာန အကြီးအကဲ အယ်ဗာရိုဖာဖန်က ပြောကြားသည်။
သတ္တုတွင်းမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု တာဝန်ရှိသူကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို