ကရာကတ်    ၁၀ ဇွန်    

ဗင်နီဇွဲလားနိုင်ငံသည်  ကိုလံဘီယာနှင့် ထိစပ်နေသည့်နယ်စပ်ကို  စနေနေ့က ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ်ရှိ  တံတားများမှာ အမေရိကန်ပြည်ထောင်စုမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ  အကူအညီများ  ဝင်ရောက်လာမည်ကို    ဟန့်တားသည့်အနေဖြင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။သမ္မတ  မာဒူရိုဦးဆောင်သည့်    အစိုးရသည် ကိုလံဘီယာ၊ ဘရာဇီးနှင့်  အခြားသော တိုင်းပြည်များနှင့် ထိစပ်နေသည့် နယ်စပ်များကို ဖေဖော်ဝါရီလမှစတင်ကာ ပိတ်ဆို့ခဲ့သည်။        အမေရိကန်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အသုံးပြုပြီး တိုင်းပြည် ကိုကျူးကျော်ရန်    ကြိုးပမ်းလိမ့်မည်ဟု ဗင်နီဇွဲလားအစိုးရကပြောသည်။ အမေရိကန်ပြည်ထောင်စုသည်      အတိုက်အခံ ခေါင်းဆောင်  ဂျူအန်ဂွိုက်ဒိုကို  အဓိက ထောက်ခံသည့်  နိုင်ငံလည်းဖြစ်သည်။

ယခင်ပိတ်ထားသည့် ကိုလံဘီယာနှင့်ထိစပ်နေသည့်နယ်စပ်ကို ပြန်လည်ဖွင့်တော့မည်ဟု သောကြာနေ့တွင် သမ္မတ မာဒူရိုက တွစ်တာစာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။

အဆိုပါနယ်စပ်သည်  ဗင်နီဇွဲလား အရှေ့ပိုင်းပြည်နယ် တက်ချီရာနှင့်ထိစပ်နေသည့်  နယ်စပ်လည်းဖြစ်သည်။  ပြန်လည်ဖွင့်လှစ်ရသည့်  အကြောင်းအရင်းကိုမူ မသိရသေးပေ။ သို့သော် ဗင်နီဇွဲလား ပြည်သူများသည်  နေ့စဉ်အသုံးပြုနေရ သည့်ကုန်ပစ္စည်းများ  ပြတ်လပ်မှုဒဏ်ကြောင့် စိတ်ပျက်မှုများတိုး၍လာခဲ့သည်။

အဆိုပါကြေညာချက်ကို  သိရှိရပြီးနောက်      ပြည်သူများသည်      နယ်စပ်ရှိ တံတားများတွင် စုဝေးခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏    တစ်ဦးချင်းရှာဖွေမှုကို ခံယူပြီးနောက်       ကိုလံဘီယာနိုင်ငံရှိ ကူကူတာမြို့အတွင်း          ဝင်ရောက်ကာ  အစားအသောက်နှင့် ဆေးဝါးများဝယ်ယူ ခဲ့ကြသည်။    

နယ်စပ်ကိုဖြတ်လာသည့် အမျိုးသားတစ်ဦးက    သမ္မတ  မာဒူရိုမှာ ၄င်း၏  အဓိပ္ပာယ်မရှိသည့်  မူဝါဒများကို ရပ်တန့်သင့်ပြီဟုပြောခဲ့သည်။  တစ်ချိန်တည်းမှာပင်    အတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုက  မာဒူရိုအစိုးရမှာပြည်သူများ   ကိုဖိအားများ        တိုး၍ပေးနေကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံမှ  ထွက်ပြေးလာသည့်ဒုက္ခသည်ပေါင်းမှာ  လေးသန်းခန့် ရှိပြီဟု ကုလသမဂ္ဂက  ပြောသည်။

အင်န်အိတ်ချ်ကေ