ပေကျင်း မေ ၁၅
လက်တင်အမေရိကနိုင်ငံတစ်ခုဖြစ်သည့် ကိုလံဘီယာနှင့် တရုတ်တို့သည် ပေကျင်း၏ ပိုးလမ်းမစီမံကိန်း ပဏာမပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို ယမန်နေ့တွင် လက်မှတ်ရေးထိုးကြောင်း သိရသည်။
ကိုလံဘီယာသမ္မတ ဂူစတာဗိုပီထရိုနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် မေ ၁၄ ရက်တွင် ပေကျင်း မြို့တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုလံဘီယာသမ္မတ ဂူစတာဗိုပီထရိုသည် တရုတ်နှင့် ကာရစ်ဘီယံနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးရန် တရုတ်နိုင်ငံ ပေကျင်းမြို့တော်သို့ ရောက်ရှိလျက်ရှိသည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ယခုပူးပေါင်း ဆောင်ရွက်မှုကို ဆောင်ရွက်ရန်လိုအပ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
ယခင်က ကိုလံဘီယာသည် ၎င်း၏အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သော အမေရိကန်ပြည်ထောင်စု နှင့် ၎င်း၏ဆက်ဆံရေးကို မြှင့်တင်ခဲ့သည့်အတွက် ကြီးမားသောစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရန် ရည်ရွယ်သည့် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းများနှင့် အလှမ်းဝေးကွာခဲ့ရသည်။
သို့သော် ကိုလံဘီယာသည် ပိုးလမ်းမစီမံကိန်း၏ ကနဦးအစပျိုးမှုအပေါ် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ ယင်းသို့ တရုတ်နိုင်ငံ ပို့ကုန်များ တိုးလာခြင်းသည် လက်တင်အမေရိကနိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းဒေသရှိ စီးပွားရေးတိုးတက်မှုကို အထောက် အကူဖြစ်စေမည်ဖြစ်သည်။
လက်တင်အမေရိကသည် သမိုင်းကြောင်းအရ အမေရိကန်၏ ပြင်းထန်သော သြဇာလွှမ်းမိုးမှုအောက်တွင်ရှိခဲ့ပြီး တရုတ်သည် မကြာသေးမီနှစ်များအတွင်း ဒေသတွင်း၌ ၎င်း၏ပါဝင်မှုကို တိုးမြှင့်ခဲ့သည်။
လက်ရှိအချိန်တွင် လက်တင်အမေရိကနိုင်ငံ ၂၀ ကျော်သည် ပိုးလမ်းမစီမံကိန်းများတွင် ပါဝင်လျက်ရှိသည်။ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးအာဏာ စတင်ထမ်းဆောင်ပြီးနောက် ပနားမားနိုင်ငံသည် ပိုးလမ်းမစီမံကိန်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်