နေပြည်တော် စက်တင်ဘာ ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တို့သည် ယမန်နေ့ နံနက်ပိုင်း ကရပ်စောက် မြို့နယ်ရှိ ပွင့်ကောင်းနှင့်ခင်နွဲ့ရီကုမ္ပဏီလီမိတက် ကော်ဖီခြံသို့ ရောက်ရှိကြပြီး ကော်ဖီသီးနှံ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှု့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တည်ဆဲလယ်ယာမြေဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် ၊ တန်းမြင့်ကော်ဖီ တိုးတက်ထုတ်လုပ်နိုင်ရေး နှင့် ကော်ဖီပို့ကုန်ကဏ္ဍမြှင့်တင်နိုင်မည့် အခွင့်အလမ်းများ ၊ ဒေသခံလုပ်ကွက်ငယ် ကော်ဖီ တောင်သူများကို နည်းပညာအပါအဝင် အားပေးကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး ဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ကော်ဖီစိုက်ခင်းများနှင့် မက္ကာဒေးမီးယား စိုက်ပျိုး ထားရှိမှုကို ကြည့်ရှုအားပေးကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရပ်စောက် မြို့နယ်၊ ကျိုင်းခမ်းကျေး ရွာအနီး နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်းရေလှောင် တမံဘက် စုံစီမံကိန်းလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက တမံကြံ့ခိုင်ရေးအတွက် လုပ်ငန်းအပိုင်းအလိုက် ကြပ်မတ်ဆောင်ရွက်ရေး ၊ ဒေသခံတောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု အဆင် ပြေချောမွေ့စေရေး ၊ နည်းပညာအရ ကြိုတင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ၊ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စီမံကိန်းလျာထားသတ်မှတ်ချက် အချိန်ကာလအမီ အရည်အသွေး ပြည့်ဝစွာဆောင်ရွက်ပြီးစီးရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျိုင်းခမ်းရေလှောင်တမံ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ရေး လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းလုပ်ငန်း ပြီးစီးပါက ရေဧကပေ (၃၅၀၀၀၀) ခန့် သိုလှောင်ပြီး လျှပ်စစ်တပ်ဆင်ဓာတ်အား (၁၀) မဂ္ဂါဝပ် ( ၅ မဂ္ဂါဝပ် x  ၂လုံး) ဖြင့် နှစ်စဉ်လျှပ်စစ်စွမ်းအား (၂၄) ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ၊ နမ့်လတ်ဥယျာဉ်ခြံတွင် ဆောင်ရွက်လျက်ရှိသည့် အပူလျော့ပိုင်း သစ်သီးပင်များ စိုက်ပျိုးနည်းပညာများနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ ဥယျာဉ်ခြံသီးနှံများအား GAP စနစ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် ပညာပေးဆောင်ရွက် ခြင်းလုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများနှင့် စိုက်ပျိုးနည်းပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ခြံတာဝန်ခံတို့က ရှင်းလင်းတင်ပြကြသည်။ 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးအေးသာယာစက်မှုဇုန်ရှိ  စိုက်ပျိုးရေးဦးစီးဌာန၏ ငှားရမ်းမြေပေါ်တွင် လုပ်ငန်း ဆောင်ရွက်နေသည့် Myanmar 1th Vineyard Estate Co.,Ltd. ၏ ဝိုင်စပျစ်များ စိုက်ပျိုးထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်