ကျိုင်းလပ် ၃ ဩဂုတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် စီးပွားဖြစ် သစ်သီးပင်စိုက်ပျိုးသူများကို အကိုင်းကူးမျိုးပွား ပျိုးထောင်စိုက်ပျိုးနည်းအား ဩဂုတ် ၃ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမင်းအောင်က သစ်သီးပင်များကို စီးပွားဖြစ် မျိုးပွားစိုက်ပျိုးရာတွင် အသီးပင်အများစုမှာ အစေ့မှမျိုးပွား စိုက်ပျိုးသော် သီးပွင့်ချိန်နောက်ကျခြင်းနှင့် မိခင်ပင်နှင့်တူသော အပင်များမရနိုင်ခြင်း၊ အကိုင်းကူးမြေထုပ်စည်း မျိုးပွားနည်းသည် လုပ်ကိုင်ရလွယ်ကူ၍ အချိန်တိုတွင်း အပင်များစွာကို မျိုးပွားရယူနိုင်ကြောင်း၊ အကိုင်းကူးမျိုးပွားယူရာတွင် အပင်မကြီးရဲ့ အသီး၊ အပွင့်လိုက်ပြီးသားအကိုင်း၊ အတက်ကို ပင်စည်အခေါက်ကို ခွာထုတ်ပြီး မြေစေး၊ အုန်းဆံအမှုန့်တို့ဖြင့် ကြပ်ထုတ်စည်း၍ ၄၅ ရက်အကြာတွင် မိခင်ပင်နှင့်တူသော ပျိုးပင်ပေါက်ကို စိုက်ပျိုးရောင်းချနိုင်ပြီး အကိုင်းကူးမျိုးပွားပုံ အဆင့်ဆင့်အား သရုပ်ပြ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အကိုင်းကူး မြေထုပ်စည်းမျိုးပွားနည်းစနစ် အသုံးပြုရခြင်း၏ အားသာချက်၊ အားနည်းချက်များနှင့် မျိုးပွားနိုင်သော အပင်များ၊ အချိန်ကာလရာသီများ မျိုးပွားမည့် ပင်စည်အကိုင်းအခတ်အား ရွေးချယ်ခြင်းနှင့် ပြင်ဆင်ဆောင်ရွက်ပုံများကို ရှင်းလင်းပြသခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍနှင့် ပက်သက်၍ သိရှိလိုသည်များရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ လာရောက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)