ကျိုင်းလပ် ဩဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၈ ရက် ညနေ ၅ နာရီ အချိန်တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ နယ်မြေမီးသတ်စခန်းများမှပူးပေါင်း၍ မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ဆိုးကြီးသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားလျှက်ရှိပြီး သေဆုံးမှုများမြင့်မားလျက်ရှိကြောင်း ထိုသို့ကူးစက်ဖြစ်ပွားနေမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ကိုဗစ်- ၁၉ ရောဂါဆိုးကြီးကို အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နေထိုင်စေရေးတို့ကို အသိပေးနှိုးဆော်ခဲ့သည်။
ထို့အပြင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန်၊ နေအိမ် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှ ဧည့်သည်များလက်မခံရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံသို့မသွားကြရန်၊ သက်ကြီးရွယ်အို များနှင့် အခြားရောဂါအခံရှိသူများအနေဖြင့် အထူးဂရုစိုက်ကြရန်၊ မကြာခဏလက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြရန် စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအချက်များကို စနစ်တကျလိုက်နာကြရန် ရှမ်းဘာသာ၊ လားဟူဘာသာတို့ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ဖြူဖြူဝင်း ( ပြန်/ဆက်)


