ကျိုင်းလပ် ၂၅ ဧပြီ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် နမ့်ဆီးကျေးရွာနှင့် နမ့်ငေါ့ကျေးရွာများရှိ ပျက်စီးသွားသည့် နေအိမ်များမှ လေဘေးသင့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တာချီလိတ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧပြီ ၂၅ ရက် နံနက် ၁၀ နာရီက ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး၊ အလင်းရောင်ပရဟိတ လူမှုကူညီရေးအသင်းနှင့်အတူ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နမ့်ဆီးကျေးရွာက လေဘေးသင့် အိမ်ခြေ ၁၁ လုံး၊ အိမ်ထောင်စု ၁၁ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ ဘေးသင့်လူဦးရေ ၆၂ ဦးအတွက် ဆန်ရိက္ခာဖိုး ခုနစ်ရက်စာ ကျပ် ၁၃၀၂၀၀၊ အိမ်ခြေ ၁၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၉၉၀၀၀၀ နှင့် သွပ်အမိုးလန်ပျက်စီးခဲ့သည့် နမ့်ငေါ့ကျေးရွာ ဘုန်းကြီးကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၉၀၀၀၀ ကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်၊ ဆပ်ပြာရည်များကို လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


