ကျိုင်းလပ်၊ ၁၉ ဒီဇင်ဘာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မိမိနေအိမ်၌ ကောက်ရိုးမှို တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိစေရန် စီးပွားဖြစ် စိုက်ပျိုးလိုသူများကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ရိုးမှို ပျိုးထောင် စိုက်ပျိုးနည်းအား လက်တွေ့ သရုပ်ပြသခဲ့ကြောင်းသိရသည်။
ကောက်ရိုးမှို စိုက်ပျိုးရာတွင် ပထမဦးစွာ စိုက်ပျိုးမည့် မြေနေရာအား ၃ ပေ၊ ၁၀ ပေ ပေါင်အတွက် အနက် ၄ လက်မ မြေတူးထုတ်၍ ရေလောင်းပေးရကြောင်း၊ ၎င်းမြေနေရာတွင် ခြ၊ ပုရွက်ဆိတ်များ ရှိပါက ထုံးဖြူးကာ နွားချေး ၃ တင်းကို အောက်ခံခင်းပေးရကြောင်း၊ အဆိုပါ နွားချေးပေါ်တွင် နာရီဝက်ခန့် ရေစိမ်ထားသော ကတ်ထူစက္ကူခင်းကာ မှိုမျိုးထုပ် ၅ ထုပ်ကို ချေမွ၍ ကတ်ထူစက္ကူပေါ်တွင် ကျဲပေးရကြောင်း၊ ထို့နောက် ကျဲထားသော မှိုမျိုးများအပေါ်က နွားချေးထပ်ခင်းပေးပြီး ရေလောင်းကာ ပလတ်စတစ် (မိုးကာ) ဖြင့် လေလုံအောင်ဖုံးအုပ်ရကြောင်း၊ မှိုပေါင်အား အရိပ်ရစေရန် ကတ်ထူစက္ကူဖြင့် ပလတ်စတစ်အပေါ်မှ ထပ်မံအုပ်ပေးရကြောင်း၊ ထို့သို့ စိုက်ပျိုးပြီး ၁၄ ရက် (နှစ်ပတ်) ခန့် အကြာတွင် မှိုများကို စတင်ခူးနိုင်ပြီး အနည်းဆုံး ၄ ကြိမ်မှ အများဆုံး (၆-၇) ကြိမ်အထိ ခူးယူနိုင်ကြောင်း ကျိုင်းလပ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းအောင်က လက်တွေ့သရုပ်ပြသ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကောက်ရိုးမှိုသည် လူတိုင်းကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုး ဖြစ်သည့်အပြင် နေရာကျဉ်းကျဉ်း ရင်းနှီးမှုအနည်းအကျဉ်းနှင့် ရက်ပိုင်းအတွင်း စိုက်ပျိုးထွက်ရှိလာပြီး ဈေးကောင်းရရှိစေသော သီးနှံမျိုးဖြစ်ကြောင်း၊ ကျေးရွာများတွင်လည်း အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး မိသားစု အပိုဝင်ငွေလည်း ရသည့်အပြင် စီးပွားဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလို့လည်းရသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းအောင်က အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ကျိုင်းလပ်)


